မန်းလေးတွင် ကျား မတစ် ကောင်အား စနောက်သူ အငုံခံရ (ရုပ်သံ)

မန်းလေးတွင် မိုးစက်ဝိုင်အား စနောက်သူ အငုံခံရ

ဇန်န၀ါရီလ (၃၁) ရက်နေ့၊ ညနေ (၃း၀၀) နာရီကျော်ချိန်က မန္တလေးမြို့ ၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် ​အစမ်းခန့်ကာလဖြင့် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းအမျိုးသားတစ်ဦးသည် ၄င်း၏ တာဝန်မဟုတ်ဘဲ ကျား မတစ် ကောင်အား စ​နောက်​ရာမှ လက်ကို ငုံခဲခံလိုက်ရခြင်းဖြစ်ကြောင်း ရတနာပုံတိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ဘယ်သူမှ တာဝန်ပေးအပ်ခြင်းမရှိဘဲနဲ့ သူ့သဘောနဲ့သူ၊ ကျားမကို လက်နဲ့ ပွတ်သပ်ပြီး စရာကနေ သူ့လက်ကို ငုံခံလိုက်ရတာပါ။ ဒီကျားမက တအားကို ယဉ်တဲ့ကျားမမို့ ထိခိုက်မှုကြီးကြီးမားမား မရှိခဲ့ပါဘူး။ ငယ်စဉ်ကတည်းက နို့တိုက်ပြီးမွေးတဲ့ ကျားမပါ။ ကျွန်တော်တို့ သူ့ကို တုတ်နဲ့ ပါးစပ်ကို ကန့်ပေးလိုက်တဲ့အချိန်မှာပဲ လွတ်မြောက်သွားပါတယ်။ တကယ်သာ ရိုင်းတဲ့ကျားဆို သူ့လက်ကို ကိုက်ရင်ပြတ်သွားလောက်ပါပြီ “ဟု ၄င်းက ပြောသည်။

အဆိုပါ အစမ်းခန့်ဝန်ထမ်း ကိုရဲမာန်ဦးသည် သုံးနှစ်အရွယ်သာရှိသေးသည့် ကျားမ (မိုးစက်ဝိုင်)အား အများပြည်သူ ကြည့်ရန်​ ထားရှိထားသည့် လက်ရန်းအကာကို ကျော်ကာ ကျားလှောင်အိမ်အတွင်းသို့ လက်ထိုးထည့်၍ စ​နောက်​ရာမှ ဘယ်ဘက်လက်ကောက်ဝတ်အား ငုံခဲခံ လိုက်ရခြင်း ဖြစ်ကြောင်း သိ ရသည်။

ကိုရဲမာန်ဦးတွင်​ ထိခိုက်မှုဒဏ်ရာ ကြီးကြီးမားမားမရှိဘဲ အ​ရေပြား ပေါက်သွားသည့် ဒဏ်ရာသာ ရရှိခဲ့ကြောင်းနှင့် ၄င်းအား နောက်နောင်တွင် ထိုကဲ့သို့ မကျူးလွန်ရန်အတွက် ခံဝန်လက်မှတ်ရေးထိုးခိုင်းကာ နှုတ်ဖြင့် သတိပေးစကားပြောကြားထားကြောင်း သိရသည်။

Video ကြည့်ရန်

ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် လက်ရှိ ကျားအကောင်ရေ စုစုပေါင်း (၉)ကောင်ပြသထားကာ၊ အထီး (၅) ကောင်နှင့် အမ (၄)ကောင်ရှိကြောင်း သိရသည်

Source – The Nyang News