တာဝန်မယူတတ်သည့် အမျိုးသားများကြောင့် တကိုယ်တည်းမိခင်အဖြစ် မပြတ်ရောက်လာနေကြသည့် မိခင်လောင်းများနှင့် မြင့်မိုရ်မေတ္တာဂေဟာ

ချစ်တော့ချစ်ပါ အလိုမလိုက်နဲ့

နေခြည်နွေးနွေးလွှမ်းခြုံထားသည့် နေ အိမ်လေး အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်လေးများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်။ စုစုပေါင်း ကိုယ်ဝန်ဆောင်ရှစ်ဦး။ ဗိုက်ပူကလေးများကြောင့် ခပ်ကော့ကော့ လမ်းလျှောက်ကာ ဝင်လာသော်လည်း သူတို့ကို ဖေးကူမည့် ခင်ပွန်းသည် အမျိုးသားများကိုတော့ မတွေ့ရ။

နေအိမ်လေးထဲ အရောက် တွင်တော့ သက်ပြင်းပူမှုတ်ထုတ်ကာ အနားယူကြသည်။ နေအိမ် လေးက သူတို့အတွက် လုံခြုံမှုနှင့်နွေးထွေးမှုကို ပေးစွမ်းနေဟန်ရှိ သည်။ သူတို့တစ်တွေက ဖခင်မဲ့ သော ရင်သွေးများကို မွေးဖွား မည့် ခင်ပွန်းမဲ့သော မိခင်လောင်း များဖြစ်သည်။

လက်ထပ်ပြီးမှ ကလေးမွေး ခြင်းကိုသာ လက်ခံသော မြန်မာ့လူမှုအသိုက်အဝန်းတွင် အချစ်နယ်ကျွံပြီးမှ ချစ်သူက တာဝန်မယူ၍ ဖခင်အမည်မပေါ်သော၊ ကာမလိမ်လည်ရယူခံရသော၊ တာဝန်မယူတတ်သည့် အမျိုးသားများနှင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးများက သူတို့၏ရင်သွေးကို မွေးဖွားနိုင်ရန် အဆိုပါနေအိမ်လေးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်များ တန်းစီဝင်လာသော ထိုအိမ်တွင် ခင်ပွန်းမဲ့သော အမျိုးသမီးများနှင့် ဖခင် မေတ္တာငတ်သော မွေးကင်းစကလေးများ ၁၂ ရာသီမပြတ် ရှိသည်။ ချစ်လို၊ ကြင်နာလိုသော်လည်း ရင်သွေးကိုတော့ မလိုချင် သော အမျိုးသားများ၏ပုံတူကိုယ်ပွားကလေးများကို အဆိုပါအိမ်တွင် လူမသိသူမသိ မွေးဖွားနိုင်သည်။ ထိုအိမ်တွင် ထိုသို့ မွေးဖွားခဲ့သည့် ကလေး ၅၇ ဦးပင်ရှိခဲ့ပြီ။

မြင့်မိုရ်မေတ္တာ(နားခိုရာ)ဟု ခေါ်သော အဆိုပါအိမ်ကို အမျိုးသမီးဆရာဝန် ဒေါက်တာမြတ်သန့်က ဦးဆောင်ကာ ဖွင့်လှစ်ထား ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ခြောက်လခန့်က ဖွင့်ခဲ့သော မြင့်မိုရ်မေတ္တာဂေဟာတွင် ကိုယ်ဝန်ဆောင်ဦးရေ ၆၀ လောက် နေထိုင်ပြီးဖြစ်သည်။ မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ချစ်သူက တာဝန်မယူသော ကလေးကို လူသိရှင်ကြား မွေးရသည်က တံတွေးခွက်ထဲ ဒိုင်ဗင်ထိုးချသကဲ့သို့ ဖြစ်နေသည်။

ဒေါက်တာမြတ်သန့်က တစ်ကိုယ်ရေမိခင်များအတွက် မြင့်မိုရ် မေတ္တာဂေဟာ ထူထောင်ဖြစ်ရသည့် အကြောင်းရင်းသည် ၎င်းဆေးခန်းဖွင့်စဉ် မိန်းကလေးတစ်ဦးက ကိုယ်ဝန်ဖျက်ချပေးရန် တောင်းဆိုခြင်းကို ဒေါက်တာမြတ်သန့်က ငြင်းပယ်ခဲ့၍ အဆိုပါမိန်းကလေးက အဆုံးစီရင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။

‘‘မှတ်မှတ်ရရ အဲဒီမိန်းက လေးမျက်နှာက မယ်လိုဒီနဲ့ တူတယ်။ သူက မဖျက်ချပေးရင် သတ်သေမယ် ခြိမ်းခြောက်တော့ ကျွန်မက သူ့ကို ဦးနှောက်သုံးသဘောလို့ ပြောလိုက်တယ်။ သူ့အကြောင်းစုံစမ်းတော့ ကြာကန်ထဲ ကျသေသွားတယ်ကြားတယ်။ အရမ်းနောင်တရသွားတယ်’’ ဟု ဒေါက်တာမြတ်သန့်ကဆိုသည်။

ထို့အပြင် အစ်ကိုအရင်းက ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု ကြောင့်ရသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဒေါက်တာမြတ်သန့် ဆေးခန်းဆီ ရောက်လာသည်။ ကိုယ်ဝန်ကို လူမြင်မှာစိုး၍ မိန်းကလေးကို လယ်တောထဲတွင် ထားပြီး ဆေးခန်းလာရန် လယ်တောမှ နံနက် ၃ နာရီမှ ထကာ လယ်တောများကိုဖြတ်၍ လမ်းလျှောက်လာရသည်။ ထိုမိန်းက လေးကို ဒေါက်တာမြတ်သန့်က လူမသိလူမသိအောင် မွေးဖွားရန် ကူညီပေးခဲ့သည်။ ထိုမိန်းကလေး သည် ဒေါက်တာမြတ်သန့် ပထမဆုံး ကူညီပေးသော မိန်းကလေး ဖြစ်သည်။

ဒေါက်တာမြတ်သန့်သည် ဆေးကျောင်းတက်ကတည်းက ကလေးဖျက်ချ၍ မရှူနိုင်မကယ် နိုင်နှင့် အသက်သေမလိုဖြစ်ကာ ရောက်လာသည့် မိန်းကလေးများကို မြင်တွေ့ဖူးသည်။ ဆေးခန်းဖွင့်သည့်အခါတွင်လည်း ကိုယ်ဝန် ဖျက်ချပေးရန် ငိုယိုပြောဆိုသည့် မိန်းမငယ်လေးများကို ဆရာဝန်တိုင်း ကြုံရလေ့ရှိသည်ဟု ဒေါက်တာ မြတ်သန့်ကပြောသည်။

ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးများပင် ကလေးစရိတ်အတွက် တရားစွဲရန် အသာထား။ ထိုကလေးကို တိတ်တဆိတ်မွေးခြင်း၊ ဖျက်ချခြင်း၊ စွန့်ပစ်ခြင်းများ ပြုလုပ်နေသည့် အခြေအနေမျိုး မြန်မာပြည်တွင် ဖြစ်နေသည်ဟု ဒေါက် တာ မြတ်သန့်က ဆိုသည်။

No automatic alt text available.

WHO စာရင်းများအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများကြားတွင် ကိုယ်ဝန်ဖျက်ချမှု ကြောင့် သေဆုံးသူ ဒုတိယအများ ဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ဦး သေဆုံးလျှင် ခြောက်ဦးသည် ကိုယ် ဝန်ဖျက်ချမှုကြောင့်ဖြစ်ပြီး တစ်နေ့လျှင် ကိုယ်ဝန်ဆောင်အမျိုးသမီး ရှစ်ဦး သေဆုံးနေသည်ဟု WHO က အစီရင်ခံထားသည်။ အဆိုပါ ပမာဏကို အခြေခံ၍ ပျမ်းမျှတွက်ကြည့်လျှင် နေ့စဉ်ကိုယ်ဝန်ဖျက်ချမှုကြောင့် အမျိုးသမီးလေးဦး သေ ဆုံးနေသည်။ ထို့ပြင် ကလေးစွန့် ပစ်မှုနှုန်းလည်း တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာကြောင်း လူမှုဝန် ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြင့်မိုရ်မေတ္တာဂေဟာတွင် နားခိုနေသော ကိုယ်ဝန်ကိုးလ လွယ်ထားရသည့် မနွေးနွေး (အ မည်လွှဲ)ဆိုလျှင် ကလေးကို ကိုယ်တိုင်အမည်ဖော်ကာ မွေးမည်ဆိုသည်။

သို့သော် လက်မထပ်ဘဲ ကလေးမွေးသည်ဟု မထုတ်ဖော်ဝံ့သဖြင့် ပတ်ဝန်းကျင်အသစ်သို့ ပြောင်းကာ အိမ်ထောင်ကွဲကလေးတစ်ယောက်အမေအနေဖြင့်သာ နေထိုင်မည်ဟု မကြာမီ ကလေးမီးဖွားတော့မည့် မနွေးနွေးက ပြောသည်။

မြင့်မိုရ်မေတ္တာ(နားခိုရာ)တွင် ခင်ပွန်းမဲ့ မိခင်လောင်း ၅၇ ဦးအထိ မွေးဖွားပေးခဲ့ပြီးဖြစ်သည်။ (ဓာတ်ပုံ – နစ်ကီ)

လက်တွေ့အခြေအနေတွင် သာမန်အမျိုးသမီးများသာမက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားနေသူ မနန့်မေသဉ္ဇာကိုယ်တိုင်ပင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာ တွေ့ခဲ့ရသည်။

မနန့်မေသဉ္ဇာသည် လက်မထပ်ဘဲ ချစ်သူအမျိုးသားနှင့် အတူ နေခဲ့သည်။ ရည်းစားသက်တမ်း ငါးနှစ်အကြာတွင် ကိုယ်ဝန်ရရှိသည်။ သို့သော် ၎င်း၏ချစ်သူသည် အဆိုပါကိုယ်ဝန်ကို ဖျက်ချပြီးမှ လက်ထပ်ခြင်းကို ဆွေးနွေးမည်ဟု ဆိုလာသည်။

မနန့်မေသဉ္ဇာသည် ကလေးကို တစ်ဦးတည်း မွေးခဲ့ပြီး ဥပဒေအရ ၎င်း၏ချစ်သူ ကလေးအဖေကို တရားစွဲရန် စိတ်ကူးခဲ့သည်။ ‘‘ကလေးရဲ့စိတ်ဒဏ်ရာမှာ သူ့ရဲ့ အဖေကို သူ့အမေက တရားပြန်စွဲ တယ်ပေါ့။ စိတ်ပညာအရတော့ သူ့ကို အားပေးဖို့ လိုတာပေါ့။ ကောင်းတာတော့ ကျွန်မရဲ့တစ်ကိုယ်တည်းဘဝမှာ ရွေးချယ်ပိုင်ခွင့်ရှိသွားမယ်။ ကလေးကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စောင့် ရှောက်နိုင်မယ်။ နောက်ပြီး အရွယ်ရောက်လို့ သမီးက မေးရင် ကျွန်မ ကို တာဝန်မယူနိုင်တာနဲ့ အဖေနဲ့ အမေ အတူမနေကြဘူး။ ကွဲသွား တယ်ဆိုတာထက် ဒါကမှားတယ်။ ဒါမျိုးက တာဝန်ယူရမှာ။ အဲဒါ ကြောင့် သမီးအဖေကို အမေက တရားစွဲရတယ်ဆိုတာမျိုး သူ သိဖို့ပေါ့’’ဟု မနန့်မေသဉ္ဇာက ပြော သည်။

သို့သော် ရဲစခန်းသို့ ရောက်သောအခါ ကိုယ်ကိုယ်တိုင်က ကော မှန်ခဲ့ရဲ့လားဟူသော မေးခွန်းမျိုးကို ရဲများ၏ အမေးခံခဲ့ရကြောင်း မနန့်မေဉ္ဇာက သူ၏ အတွေ့အကြုံကို ဖွင့်ဟသည်။

အမျိုးသမီးအရေးလှုပ်ရှားသူ မထားထားက ထိုကဲ့သို့သော အ ခြေအနေများအတွက် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ကာမလိမ်လည်မှုပုဒ်မသည် ကောင်းမွန်သော်လည်း ထိုဥပဒေကို အကောင်အထည်ဖော်သည့် နေရာတွင် အခက်အခဲ ဖြစ်ပေါ်နေ ကြောင်း ပြောသည်။

‘‘အဲဒီဥပဒေရဲ့ အစကိုက အမျိုးသားတွေနဲ့စတယ်။ ပြစ်မှုကို ဖွင့်ပေးရတာ ယောက်ျားလေး၊ အမှုစစ်တာက ယောက်ျားလေး၊ နောက်ပိုင်း နင်က အလိုတူလို့ နှစ်ဦးသဘောတူခဲ့တာပဲ ဆိုတဲ့အ ခါ ကာမလိမ်လည်ရယူမှုက ဥပ ဒေအတိုင်း လုပ်လို့မရတော့ဘူး’’ ဟု ၎င်းကဆိုသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များကို ဥပဒေရေးရာတွင် ကူညီပေးနေသည့် အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်လှလှရီက ‘‘မိန်းက လေးတစ်ယောက်ကို ယူမယ်လို့ ပြောပြီး ကာမရယူပြီးမှ မယူဘူးလို့ ပြောတာဟာ ပြစ်မှုမြောက်ပါတယ်’’ဟု မှတ်ချက်ပြုသည်။

မနန့်မေသဉ္ဇာသည် ကလေးကိုမွေးကာ တရားစွဲနိုင်မည့် အခွင့်အရေးများကို စောင့်မျှော်နေခဲ့သည်။ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်အတွက် သူ၏အခြေအနေကို ရိုက်ကူးကာ တင်ပြခဲ့သည်။ ထိုမှတ်တမ်းရုပ်ရှင် သည် ဒေါ်အောင်ဆန်းစုကြည်ဆု ရရှိခဲ့သည်။ မနန့်မေသဉ္ဇာက သူ၏ကလေးကို တာဝန်မခံတတ်သည့် ချစ်သူယောက်ျားကို တရားစွဲရန် အဆိုပါမှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်းဖြစ်ကြောင်း ဝန်ခံပါသည်။

‘‘ကျွန်မကိုယ်တိုင်က အမျိုး သမီးအခွင့်အရေး လှုပ်ရှားနေသည့် အမျိုးသမီးတစ်ယောက်ဖြစ် တယ်။ ကျွန်မကိုယ်တိုင် ဒီလိုမျိုး ငြိမ်နေလိုက်ရင် တခြားအမျိုးသမီး တွေကို အသိပညာပေးဖို့ တွန်း အားပေးလို့ ရမှာမဟုတ်ဘူး’’ဟု သူကဆိုသည်။

တာဝန်မယူတတ်သည့် ချစ်သူအမျိုးသားကို တရားစွဲရန် မနန့် မေသဉ္ဇာက ရန်ကုန်တိုင်းလွှတ် တော်ရှိ အမျိုးသမီးနှင့် ကလေးသူ ငယ်စောင့်ရှောက်ရေး ကော်မတီ ထံ တိုင်ကြားထားသေးသည်ဟု ပြောသည်။

မနန့်မေသဉ္ဇာက ၎င်းအလုပ် လုပ်ကိုင်သည့် Actionaid Myan-mar ရုံးသို့ အဆိုပါကိစ္စများအ တွက် အကူအညီတောင်းသည့်အ မှုများတွင် တရားရုံးရောက်သော အခါ ကျူးလွန်သူက လျော်ကြေး ပေးလိုက်ရုံနှင့် ငွေများငွေနိုင်ကာ ပြီးစီးခဲ့သည့် အမှုမျိုးရှိသဖြင့် ၎င်း ၏ အမှု၌ ထိုသို့ ကြုံလာရနိုင် ကြောင်း ပြောသည်။

‘‘တရားဥပဒေစနစ်က ငွေ များ တရားနိုင်စနစ်မဟုတ်ဘူးဆို ကျွန်မတို့ နိုင်နိုင်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ရှုံးနိုင်ပါ တယ်။ ကျွန်မက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ မိန်းကလေးဖြစ် တယ်။ ကျွန်မက တာဝန်ယူခြင်း မခံရတဲ့ မိန်းကလေးဖြစ်တယ်။ အမြဲတမ်းအမေးခံရတဲ့ မေးခွန်း တွေ ကျွန်မကကော မှန်ရဲ့လားဆို တာ အဲဒီအတွက် ကျွန်မမှာ သက် သေရှိပါတယ်’’ဟု ၎င်းက ဖွင့်ဟ သည်။

မြင့်မိုရ်မေတ္တာဂေဟာလေး တွင် နားခိုနေပြီး မကြာမီ တစ် ကိုယ်ရေမိခင်တစ်ဦး ဖြစ်လာတော့မည့် မနွေးနွေးသည် တက္ကသိုလ်တွင် ဥပဒေပညာ သင်ကြားနေ သည်မှာ နောက်ဆုံးနှစ်စာမေးပွဲ ဖြေရန်သာ ကျန်ရှိတော့သည်။

ဥပဒေပညာ သင်ကြားနေသဖြင့် ထိုကုန်ကျစရိတ်များကို သက်သာစေရန် မနန့်မေသဉ္ဇာကဲ့သို့ ကလေးအဖေကို တရားစွဲရန် ကြိုးစားမည်မဟုတ်ပေ။

မနွေးနွေးကဲ့သို့ မြင့်မိုရ် မေတ္တာဂေဟာတွင် နားခိုခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၀ ကျော်တို့သည် ၎င်းတို့ဆီက ကာမလိမ်လည်ရယူသည့် ချစ်သူများကို တရားမစွဲခဲ့ပေ။ ၎င်းတို့က ကဲ့ရဲ့ခံရမည်စိုး၍ လူမသိအောင် ဂေဟာ ၌ပင် ကလေးမွေးရန်သာ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် တရားစွဲရန် ဆိုသည်မှာ သူတို့ လုံးလုံးမစဉ်းစားဝံ့သောအရာဖြစ်သည်။

လူကဲ့ရဲ့မည်စိုး၍ လူမသိ အောင် ကလေးမွေးခြင်း၊ တရားစွဲရန် မကြိုးစားသည့် အမျိုးသမီးများ၏ အခြေအနေကို အမျိုးသမီးများ အသိပညာမြင့်မားရေးနှင့် အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းဖြစ်သည့် အခရာမှ ဒါရိုက် တာ ဒေါ်ထားထားက ‘‘အစ်မတို့ရဲ့ လူ့အဖွဲ့အစည်းက လူသတ်နေတယ်။ ကိုယ်ဝန်ဖျက်ချဖြစ်အောင်၊ ယောက်ျားလေးချစ်သူရည်းစားနဲ့ အတူနေပြီးတော့ မယူဖြစ်အောင် တွန်းပို့နေတယ်’’ဟု မှတ်ချက်ပြု သည်။

အခြားသူများနှင့်မတူ ချစ်သူက တာဝန်မယူသည့် ကလေးကို လူသိရှင်ကြားမွေးထားသူ၊ ထိုချစ်သူကို တရားစွဲရန်လည်း အစွမ်းကုန်ကြိုးစားနေသူ မနန့်မေသဉ္ဇာက ၎င်းကဲ့သို့ အမျိုးသမီးများကို ကဲ့ရဲ့သူများသည် နစ်နာသည့် အမျိုးသမီးကို ကူညီရန်မကြိုးစားဘဲ အထပ်ထပ်အခါခါ ပို၍နာကျင်အောင် လုပ်နေကြသလားဟု သံသယရှိကြောင်း ဖွင့်ဟလေသည်။

အမျိုးသမီးအရေးလှုပ်ရှားသူ မထားထားကမူ ခင်ပွန်းမဲ့သော မိခင်လောင်းများ မဖြစ်စေရန် အောက်ပါအတိုင်း အကြံပြုသည်။ ‘‘အမျိုးသမီးတွေ အယုံမလွယ်ပါနဲ့။ ယူမယ်ဆိုရင်လည်း မယုံနဲ့။ ကိုယ်က တစ်ယောက် တည်းနဲ့ နေတယ်ဆိုတိုင်း ကိုယ့် ကောင်လေးက တစ်ယောက်တည်းမဟုတ်ဘူးဆိုတာလည်း သိထားပါ။ ဒီခေတ်မှာ ကောင်လေးကြီးလာတာနဲ့၊ အရွယ်ရောက်ပြီဆိုတာနဲ့ ပြည့်တန်ဆာဆီသွားဖို့ လွယ်ကူပါတယ်။ လွယ်ကူအောင် လည်း အစ်မတို့ လူ့အဖွဲ့အစည်းက ယောက်ျားလေးတွေကို ခွင့်ပြု ပေးထားတယ်။ အတူနေမယ်ဆို ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဖြစ်ပါ စေ။ ယုံလို့ဆိုတာမျိုး၊ အတင်းအကျပ်ဆွဲဆောင်လို့ဆိုတာမျိုး မဖြစ်ပါစေနဲ့’’ဟူ၍ဖြစ်သည်။

ခင်မို့မို့လွင်

7day News