Advertisement

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်သည်

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်သည် 2

၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရားကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှု​​ကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက် သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများနှင့် လွင်ပြင်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။

ဗိလပ်တွင် ​ဆွေး​နွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို `ပြည်ထောင်စုနေ့´ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီ ရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

အထိမ်းအမှတ်ပွဲများကျင်းပ

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်သည် 3

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို `ပြည်ထောင်စုနေ့´ ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ `ပြည်ထောင်စုနေ့´ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် `ပြည်ထောင်စုနေ့´ သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊​ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ်အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့သည်။

ပင်လုံကျောက်တိုင်

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်သည် 4

သမိုင်းစာမျက်နှာများမှ မြန်မာတို့ ချုပ်ဆိုခဲ့ကြသော စာချုပ်များစွာရှိခဲ့ကြသည်။ ၁၈၂၄ ခုနှစ် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် ကုန်းဘောင်ခေတ်တွင် စတင်ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အတွက် ၁၈၂၆ ခုနှစ် ရန္တပိုရ်စာချုပ်မှ မြန်မာနိုင်ငံသမိုင်းတွင် အထူးအရေးပါခဲ့သောစာချုပ်များစွာအနက် ပင်လုံစာချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအတွက် အထူးအရေးပါသော စာချုပ်ဖြစ်လေသည်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး မြန်မာတို့ သူ့ကျွန်ဘဝသို့ လုံးလုံးကျရောက်ခဲ့ရသည်မှာ မြန်မာနိုင်ငံသားတိုင်း သိရှိကြပြီးဖြစ်သည်။ သူတပါးဖိနှိပ်ချုပ်ချယ်မှုကို မခံချင်သော မျိုးချစ်မြန်မာသူရဲကောင်းများစွာတို့ လွတ်လပ်ရေးအတွက် အသက်သွေးချွေးတို့ ပေးဆပ်ခဲ့ကြရသည်။ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံတို့ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်မြန်မာလူငယ်တို့ ကြိုးပမ်းအားထုတ်မှုဖြင့် ဂျပန်တို့နှင့်ပူးပေါင်းကာ အင်္ဂလိပ်တို့ကို မြန်မာ့မြေပေါ်မှ စွန့်ခွာစေနိုင်ခဲ့သည်။ သို့သော် ဂျပန်တို့သည်လည်း မြန်မာတို့အပေါ် မတရားနှိပ်ဆက်ညှင်းပမ်းခဲ့ကြပေသည်။ ဂျပန်တို့ကိုလည်း မြန်မာမြေပေါ်မှ စွန့်ခွာစေနိုင်ခဲ့သည့်နောက် မြန်မာပြည် လုံးဝလွတ်လပ်ရေးရရန်အတွက် ဗိုလ်ချုပ်နှင့်မြန်မာ့ခေါင်းဆောင်ကြီးတို့ အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရာတွင် ပြည်နယ် ပြည်မ ခွဲခြားလိုသည်။ မြန်မာ့ခေါင်းဆောင်များက ပြည်နယ်ပြည်မ မခွဲခြားဘဲ တစည်းတစ်လုံးတည်း လွတ်လပ်ရေးကို ရယူလိုကြသည်။ ၁၉၄၆ ခုနှစ် ဇန္န၀ါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်များက ရွှေတိဂုံ အလယ်ပစ္စယံလူထု အစည်းအဝေးပွဲ၌ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးလက်တွဲ၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ် ကြိုးပမ်းခဲ့ကြသည်။

၁၉၄၆ ခုနှစ် ဇန္န၀ါရီလအတွင်းမှာပင် ရှမ်းပြည်မြောက်ပိုင်း၊ ပင်လုံမြို့တွင်ကျင်းပသော ရှမ်းစော်ဘွားများညီလာခံသို့ မြန်မာ့ခေါင်းဆောင်များဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ကာ အင်္ဂလိပ်တို့ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ရှင်းလင်းပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန္န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့သွားရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုကြရာ အင်္ဂလိပ်တို့က တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန်သဘောတူပါက တပြိုင်တည်း လွတ်လပ်ရေးပေးမည်ဟုပြောဆိုကာ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အဖွဲ့တို့ မြန်မာပြည်သို့ပြန်လည်ရောက်ရှိကာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့တက်ရောက်၍ ပြည်နယ်နှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၁-ရက်နေ့ညတွင် တိုင်းရင်းသားပေါင်းစုံတို့ ညီညွတ်မှုရရှိခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦး တို့ ပြည်နယ်ပြည်မပူးပေါင်းရေး သဘောတူသော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့) ကို `ပြည်ထောင်စုနေ့´ ဟု ခေါ်ဝေါ်ခဲ့ကြသည်မှာ ယနေ့ထိတိုင် ဖြစ်လေသည်။

navykoko

Win Oo

From Nay Aung