ကြင်နာတတ်သူကြောင့် သေခါနီးအခြေအနေမှ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ ကောင်လေး

လူမှုကယ်ဆယ်စောင့်ရှောက်ရေးသမား တစ်ဦးဖြစ်သူ အန်ဂျာလိုဗန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက နိုင်ဂျီးရီးယားအရှေ့တောင်ဘက်ပိုင်းမှာ လမ်းလျှောက်လာတုန်း သူမတစ်သက်တာ မမေ့နိုင်မှာမဟုတ်တဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ သူမတွေ့ရတာက သေခါနီးအခြေအနေနဲ့ အလွန်တရာကြုံလှီပြီး ပိန်ကပ်နေတဲ့ကလေးတစ်ယောက်ကိုပါ။

ကလေးဟာ လေးဘက်တွား အရွယ်လေးဖြစ်ပြီး လမ်းပေါ်မှာ ထိုင်နေတာပါ။ ထိုကလေးကို မိဘတွေက စုန်းလို့သတ်မှတ်ထားပြီး လမ်းပေါ်မှာ စွန့်ပစ်ခံခဲ့ရတာ(၈) လလောက်တောင် ရှိပြီလို့သိရပါတယ်။

လိုဗန်က Daily Mail ကို အခုလိုပြောပြပါတယ်။ “ကျွန်မ ဒီ(၂)နှစ်အရွယ် ကောင်လေးကိုမြင်လိုက်ရတော့ စိတ်ထဲတော်တော်ကို နာကျင်သွားမိတယ်။ ကျွန်မတို့ရွာထဲကို, စပြီးဝင်ဝင်ချင်း လမ်းတစ်ဖက်မှာ ဟုတ်ပ်ကို လှမ်းမြင်လိုက်ရတာပဲ။ ကျွန်မက ကလေးကို အကောင်ကြီးမယ်ထင်တာ။ သူက ကလေးလေးအရွယ်လောက်ပဲရှိတယ်။ ဟုတ်ပ်ကို မြင်မြင်းချင်း ကျွန်မသားအရင်းလိုပဲ တွေးမိခဲ့ပါတယ်။”

ပိုဆိုးတာကတော့ ကောင်လေးနားမှာ အစာရေစာကျွေးမွေးဖို့ လူတစ်ဦးတစ်ယောက်မှ မရှိတာပဲဖြစ်ပါတယ်။ လိုဗန်ကတော့ အခုလိုရှင်းပြပါတယ်။ “ကလေးကို စုန်းလို့သတ်မှတ်လိုက်ပြီဆိုတာနဲ့ လွတ်လမ်းမရှိပါဘူး။ ညဘက်မှာ ရွာသားတွေကနေ ရွာဘုန်းကြီးကို ကလေးကိုယ်ထဲက ၀ိဥာဉ်ဆိုးကို ထုတ်ခိုင်းတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လဲ မိဘတွေက ကလေးကို စုန်းထုတ်ဖို့ ပယောဂဆရာဆီ ခေါ်သွားလေ့ရှိပါတယ်။ ဟုတ်ပ်ရဲ့ မိဘတွေအကြောင်းတော့ ကျွန်မလည်း တိတိကျကျမသိရပါဘူး။ ဘာကြောင့် ကလေးကို စုန်းလို့စွပ်စွဲရတာလဲလို့လေ။”

လိုဗန်ဟာ အဆိုပါကောင်လေးကို ကယ်တင်ပြီး ဟုတ်ပ်လို့ အမည်ပေးထားခဲ့ပါတယ်။ သူမက ကလေးကို ဆေးရုံခေါ်သွားခဲ့ပါတယ်။ ကလေးဗိုက်ထဲကသံကောင်တွေကို ဖယ်ရှားခိုင်းခဲ့ပြီး နေ့စဉ်သွေးလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဟုတ်ပ်လေးဟာ လျင်လျင်မြန်မြန်ပဲ ပြန်ကောင်းလာခဲ့ပါတယ်။ လိုဗန်ကယ်တင်ပြီး(၁)နှစ်အကြာမှာတော့ တွေ့ရတဲ့အတိုင်းမမှတ်မိနိုင်လောက်အောင် ပျော်ရွှင်သန်မာတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေပြီး ကျောင်းတောင်တက်နေပြီဖြစ်ပါတယ်။

သူလမ်းဘေးမှာ အစာငတ်၊ ရေငတ်နေချိန်မှာ ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်က တိုက်တဲ့ရေတစ်ကျိုက်က အစပြုလို့ အခုအချိန်မှာ ပြည့်ပြည့်ဖြိုးဖြိုးလေး ပြန်ဖြစ်လာတာပါ။ ထိုအချိန်ကစပြီး လိုဗန်ဟာ နိုင်ဂျီးရီးယားက,ကလေးသူငယ်အခွင့်အရေးအတွက် ကူညီစောင့်ရှောက်ရေးအသင်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။

လင်းလင်း(ShweMom)

Source: Shared.com