ရာသီဥတုပူလွန်းတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အတွက် ဆောင်ရန်၊ရှောင်ရန်အချက်များ

ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပူလာပါတယ်။ ရာသီဥတုပူလွန်းရင် ရေဓာတ်ဆုံးရှုံးမှုဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုပူလွန်းတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုစောင့်ရှောက်ဖို့အတွက် ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ရေမကြာခဏသောက်ပါ

အပူချိန်များတဲ့အချိန်မှာ ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင်နေဖို့လိုပါတယ်။ ဒါမှ အားပြတ်တာ၊ မူးဝေတာတွေမဖြစ်အောင် ထိန်းထားနိုင်မှာမို့ ရေကိုမကြာခဏသောက်ပေးပါ။ ရေခဲရေမသောက်ပါနဲ့ ၊ ရိုးရိုးရေကိုပဲသောက်ပါ။

freepik

ကဖင်းနဲ့အယ်ကိုဟောရှောင်ပါ

ကဖင်းနဲ့ အယ်ကိုဟောကခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်မှုကို ပိုဖြစ်စေတာကြောင့် ရာသီဥတုပူတဲ့အချိန်မှာ ကော်ဖီသောက်တာ၊ အရက်သောက်တာတွေကို တတ်နိုင်သလောက်လျှော့ချဖို့လိုပါတယ်။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။

ချွေးထွက်များတဲ့အလုပ်တွေမလုပ်ပါနဲ့

ဒီလိုအချိန်မျိုးမှာ လုပ်စရာအလုပ်တွေကို မနက်ခင်း ၁၁ နာရီမတိုင်ခင်နဲ့ ညနေ ၃ နာရီနောက်ပိုင်းတွေမှာလုပ်တာအကောင်းဆုံးပါ။ နေ့လည်အပူချိန်ပြင်းတဲ့အချိန်တွေမှာ ချွေးထွက်များတဲ့အလုပ်တွေ မလုပ်တာအကောင်းဆုံးပါ။ ပူလွန်းတဲ့အချိန်မှာ ခန္ဓာကိုယ်ပင်ပန်းမယ့်အလုပ်တွေကို တတ်နိုင်သလောက်မလုပ်ပါနဲ့။

လေဝင်လေထွက်ကောင်းတဲ့ချည်သားအဝတ်အထည်တွေဝတ်ပါ

ပူတဲ့အချိန်တွေမှာ ဘာမှပင်ပင်ပန်းပန်းမလုပ်လည်း ချွေးကထွက်နေတာမို့ ချွေးစုပ်တဲ့ ချည်သားအင်္ကျီလေးတွေဝတ်ပါ။ ချည်သားမဟုတ်တဲ့ အဝတ်တွေက ခန္ဓာကိုယ်အပူချိန်ကို ပိုများစေပြီး ချွေးပိုထွက်စေတာကြောင့် ရေဓာတ်ဆုံးရှုံးမှုကိုပိုဖြစ်စေပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ချည်သားအင်္ကျီလေးတွေဝတ်ပါ။

freepik

ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေစားပါ

ရာသီဥတုပူနေတဲ့အချိန်မှာ အပူအစပ်တွေကိုရှောင်ပြီး ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေကို ပိုစားပေးပါ။ အသီးအနှံတွေက ဒီအချိန်မှာစားဖို့ အသင့်တော်ဆုံးပါပဲ။

တတ်နိုင်သလောက်နေရောင်တိုက်ရိုက်မထိအောင်နေပါ

အပူချိန်ပြင်းတဲ့အချိန်မှာ အရိပ်ထဲမှာနေရင်ကို ပူလောင်နေတာပါ။ နေရောင်တိုက်ရိုက်ထိတဲ့နေရာတွေမှာ အပူချိန်က ပိုများတာကြောင့် တတ်နိုင်သလောက် နေရောင်တိုက်ရိုက်မထိအောင် နေပါ။ အထူးသဖြင့် အသက်ကြီးတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေ၊ ကလေးငယ်လေးတွေ နေပူထဲမှာ မနေမိအောင် ဂရုစိုက်ပါ။

written by PP