စေတနာနဲ့ မထိုက်တန်တဲ့သူဆိုတာ

စေတနာနဲ့ မထိုက်တန်တဲ့သူဆိုတာ

အဘိုးအိုတစ်ယောက်ဟာ တောင်ခြေမှာနေတယ်။ ခရီးသွားတွေက တောင်ပေါ်ကိုလာတက်ကြတယ်။ တောင်ပေါ်မှာရှိတဲ့ဘုရားကို သူတို့သွားဖူးကြတယ်။

တောင်ခြေမှာ နေတဲ့ အဘိုးအိုဟာ တောင်ကြောပေါ်တက်တဲ့ လမ်းခရီး အလယ်လောက်မှာ ရေချမ်းစင်တစ်စင် သွားဆောက်ထားတယ်။

တောင်ကြောပေါ်တက်တဲ့လမ်းမှာ ရေမရှိဘူး။ အဘိုးအို လာလှူထားတဲ့ ရေချမ်းစင်မှာ လူတွေက ရေအေးအေးလေးတစ်ခွက်လောက်သောက်ပြီး

အပန်းဖြေကာ တောင်ပေါ်ဆက်တက်ကြရတယ်။လူတွေက ရေကို လိုသလောက်ခပ်သောက်တာ မဟုတ်ပါဘူး။

တစ်ခွက်ခပ်ပြီး ထက်ဝက်သွန်လိုက်တာ များပါတယ်။အဘိုးအိုက တောင်အလယ်မှာရှိတဲ့ ရေချမ်းစင်ကို မနက်တစ်ခေါက်၊

နေ့လယ်တစ်ခေါက် ဆိုင်းထမ်းလေးနဲ့ ရေအေးအေးလေးတွေ ထမ်းပြီး လာဖြည့်ပေးနေတာ နှစ်အတော်ကြာနေပါပြီ။တောင်ပေါ်ကို တက်တဲ့သူတွေက အဘိုးအို ရေထမ်းလာတာကိုကြည့်ပြီး

“မြန်မြန် ရေသွားဖြည့်ပါ ရေကုန်နေရင် ဘယ်လို လုပ်မလဲ”“ဘယ့်နှယ်… အဘိုး… ခင်ဗျားရေက သန့်ရဲ့လား”“သောက်ရေထည့်ရင် ရေစစ်နဲ့ စစ်ထည့်နော်”

“သောက်ရေ မဖြည့်ခင် အိုးတွေကို ပြောင်အောင် ဆေးရဲ့လား”“ရေအိုးစင်က နည်းနည်းမြင့်နေတယ်။ ကျုပ်တို့လို အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေဘူး”

“တကယ်ဆိုရင် တောင်ခြေကနေ ရေပိုက်နဲ့ အမြဲရေရအောင် ပိုက်လိုင်းသွယ်ထားရင်ပြီးတဲ့ဟာ”အဘိုးအိုက တစ်ခွန်းမှ မပြောပါဘူး။

ထမ်းပိုးနဲ့ မြေအိုးနှစ်လုံးကို ဆိုင်းထမ်းနဲ့ ထမ်းလာပြီး ရေအပြည့် နှစ်လုံးကို တင်ပြီးတိုင်း၊ အလွတ်နှစ်လုံးကို ပြန်ပြီး တောင်ခြေကို ပြန်ထမ်းသွားတတ်တယ်။

အဘိုးအိုက သူလုပ်နေကျအလုပ်ကို တာဝန်တစ်ခုလို ကုသိုလ်ပြုနေတာပဲ။ တစ်နေ့ကို မနက်စောစော တစ်ခေါက်၊

နေ့လယ်တစ်ခေါက် ရေပို့ပေးပါတယ်။နှစ်တွေကြာလာတော့ အားအင်တွေ ကုန်ခမ်းလာတဲ့ အဘိုးအိုဟာ ရေတွေကို အိုးအပြည့် မသယ်နိုင်တော့ ပါဘူး။

ဒါပေမဲ့ တစ် မနက်ကို တစ်ခေါက်တက်တဲ့နေရာမှာ နှစ်ခေါက်တက်တယ်။ ထက်ဝက်စီ နှစ်ကြိမ်သယ် လာတဲ့သဘောပေါ့။

အသက်တွေကြီးလာပြီလေ။“အဘိုးကြီး မြန်မြန်လုပ်ပါ။ ရေဆာလှပြီ”“ရေအိုးစင်ကလည်း ဆေးလေးဘာလေး သုတ်ပါဦး။

ကျက်သရေကို မရှိဘူး”“ရေပြတ်နေပြီဗျို့ … မြန်မြန်လေးလာပါ”“ရေအိုးစင်မှာ သဲလေးခင်း… စပါးပင်ပေါက်လေးတွေစိုက်… စိမ်းစိမ်းစိုစိုနဲ့ဆိုရင် ပိုကောင်းတာပေါ့”

အဘိုးအိုက နောက်ပိုင်း တစ်နေ့ကို တစ်ခေါက်၊ တစ်ခေါက်ကို အိုးနှစ်လုံးမှာ ထက်ဝက်မနက်တစ်အိုးနေ့လယ်တစ်အိုးသူဒါပဲပို့နိုင်တော့တယ်။

တစ်နေ့တော့ အဘိုးအို အိပ်ရာက မထနိုင်တော့ဘူး။ တောင်လယ်က ရေအိုးစင်မှာ လူတွေ စုနေကြပြီ“ရေ… ရေ… ရေဘယ်မှာလဲ”

“ရေကို ဘာကြောင့် ပုံမှန်မထည့်ထားရတာလဲ”“အလကား… အသုံးကို မကျဘူး”လူတွေက စိတ်ဆိုးပြီး ရေအိုးစင်ကို ခြေနဲ့ကန်ကြတယ်။

အမိုးကို ဆွဲဖျက်ကြတယ်။ ရေမရှိတော့တဲ့ သောက်ရေအိုးကို ရိုက်ခွဲလိုက်ကြတယ်။“အလကား… ရေဖြည့်ပေးနေတဲ့ အဘိုးကြီး… အသုံးကိုမကျဘူး”လို့ဆိုပြီး ထွက်ခွာသွားတော့တယ်။

တကယ်တော့ အဲဒီရေအိုးကို ရေဖြည့်ရမယ့်အလုပ်က အဖိုးအိုရဲ့အလုပ်မဟုတ်သလို တာဝန်လည်းမဟုတ်ပါဘူး..။

ပန်ဝန်းကျင်အတွက် စေတနာထားပြီးလုပ်တဲ့အလုပ်တစ်ခုဟာ အချိန်တွေကြာလာတာနဲ့အမျှ မလုပ်မဖြစ်လုပ်ရမယ့် တာဝန်တစ်ခုရယ်လို့ သတ်မှတ်တတ်တဲ့လူအချို့ရှိပါတယ်။

တကယ်တော့ အဲ့ဒီလူတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ ပရဟိတ အလုပ်ဖြစ်လို့ သူတို့ကိုယ်တိုင်မှာပင်တာဝန်ရှိနေကြတာကိုမေ့လျော့နေကြသလား…

နာမလည်ချင်ယောင်ဆောင်နေသလားဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်..။လောကကြီးမှာ သည်လိုလူမျိူးတွေလည်း အများသားမို့ သတိထားနိုင်ကြပါစေ..။Credit – ဆရာဦးတင်ညွန့်