နေ့စဉ်သုံး တကိုယ်ရည် ပစ္စည်းတွေကို တယောက်တည်းသုံးတာ အကောင်းဆုံးပါပဲ။ တခြားသူတွေနဲ့ မျှသုံးတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်နော် …။
၁။ လက်သည်းညှပ်
လက်သည်းပေါ်က ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဗိုင်းရပ်စ်တွေကို သာမန်မျက်လုံးနဲ့ မြင်ရဖို့ မလွယ်ပါဘူး။ အဲဒါကြောင့် လက်သည်းညှပ်ကို တစ်ယောက်ကို တခုပဲသုံးတာက အကောင်းဆုံး ဖြစ်ပါတယ် …။
၂။ နားကပ်
နားမှာ သွေးကြောတွေ အများကြီးရှိပါတယ်။ နားကပ်ကနေလည်း ရောဂါတွေ ကူးစက်နိုင်တာကြောင့် သူငယ်ချင်းရဲ့နားကပ်ကို ခဏတပ်မယ်ဆိုရင် အရက်ပြန်နဲ့ သုတ်ပြီးမှသာ တပ်သင့်ပါတယ် …။
၃။ နှုတ်ခမ်းနီ
နှုတ်ခမ်းပေါ်မှာလည်း သွေးကြောလေးတွေ အများကြီးရှိပါတယ်။ နှုတ်ခမ်းနီကို တစ်ယောက်တစ်လှည့်စီ သုံးတဲ့အခါ ရေယုန်လို ဗိုင်းရပ်စ်တွေ ကူးစက်နိုင်ပါတယ် …။
၄။ မျက်ခုံးရိတ်သည့် ဇာဂနာ
ဇာဂနာကလည်း အသည်းရောင်အသားဝါ C ပိုးကို သယ်ဆောင်လာပေးနိုင်ပါတယ်။ အဲဒါကြောင့် တခြားသူတွေရဲ့ ဇာဂနာကို သုံးတော့မယ်ဆိုရင် အရက်ပြန်နဲ့ ပွတ်ပြီးမှ အသုံးပြုသင့်ပါတယ် …။
၅။ ချွေးနံ့ပျောက်ဆေး
ချိုင်းကို ရိတ်ပြီးတဲ့အခါ အနာတရသေးသေးလေးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ချွေးနံ့ပျောက်ဆေးက ရောဂါတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်။
ချွေးနံ့ပျောက်ဆေးက အနံ့ကိုသာ ကာကွယ်ပေးနိုင်ပြီး ဘက်တီးရီးယားတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။
အဲဒါကြောင့် ချွေးနံ့ပျောက်ဆေးဝယ်မယ်ဆိုရင် ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ ချွေးနံ့ပျောက်ဆေးကိုသာ ရွေးချယ်သင့်ပါတယ်။ ပြီးတော့ ချွေးနံ့ပျောက်ဆေးကို အများနဲ့ မျှမသုံးသင့်ပါဘူးနော် …။
၆။ ဆပ်ပြာခဲ
ဆပ်ပြာကို အသုံးပြုပြီးတဲ့အခါ ဆပ်ပြာခဲပေါ်မှာ အန္တရာယ်မရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေရော အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေပါ ရှိနေနိုင်ပါတယ်။
ရေအစိုဓါတ်က ဘက်တီးရီးယားတွေ၊ မှိုတွေကို ပိုပြီးပေါက်ဖွားစေပါတယ်။ အဲဒါကြောင့် ဆပ်ပြာခဲအစား ဆပ်ပြာရည်ကို ပိုပြီးရွေးချယ်သင့်ပါတယ် …။
၇။ ခေါင်းဘီး
ခေါင်းဘီးကို တခြားသူတွေနဲ့ လုံးဝမျှမသုံးသင့်ပါဘူး။ သန်းတွေ၊ အနာဖေးတွေက ခေါင်းဘီးမှာ ကပ်နေနိုင်လို့ပါပဲ …။
၈။ တဘက်
ရေချိူးခန်းထဲမှာ တဘက်အစိုကို လှမ်းထားခဲ့တာက ရောဂါပိုးတွေကို ပိုပြီး ပေါက်ဖွားစေပါတယ်။ တဘက်က မှိုစော်နံနေပြီဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
တဘက်ကို မျှသုံးခြင်းက ယားနာ၊ ဝက်ခြံနဲ့ အခြားရောဂါတွေကိုလည်း ကူးစက်စေပါတယ် …။
၉။ ရေမြှုပ်
ရေမြှုပ်က စိုထိုင်းနေတဲ့အခါ ဘက်တီးရီးယားတွေ ပိုပြီးပေါက်ဖွားနိုင်ပါတယ်။ အဲဒါကြောင့် ဆပ်ပြာတိုက်ရေမြှုပ်ကို သုံးပြီးရင် ခြောက်သွေ့အောင် ပြုလုပ်သင့်ပါတယ်နော် …။
၁၀။ Makeup brush
Makeup brush က မျက်နှာအနှံ့ကို ထိတွေ့ရတာကြောင့် တခြားသူတွေနဲ့ အတူတူသုံးတဲ့အခါ ဘက်တီးရီးယားတွေ ကူးစက်လာနိုင်ပါတယ်။
Makeup brush မှ မဟုတ်ပါဘူး။ တခြား makeup ပစ္စည်းတွေဖြစ်တဲ့ eyeliner, eyeshadow, mascara, concealer စတဲ့ပစ္စည်းတွေကိုလည်း တခြားသူတွေနဲ့ မျှပြီး မသုံးသင့်ပါဘူး …။
၁၁။ Earphone
Earphoneကို တခြားသူတွေနဲ့ အတူတူမျှသုံးတာက နားထဲမှာ ဘက်တီးရီးယားတွေကို ပေါက်ပွားစေပါတယ်။
အဲဒီကနေ နားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ Earphone ကို တစ်ယောက်တည်းသုံးတာက အကောင်းဆုံးပါပဲနော် …။