မနိုင်ဝန် ထမ်းရတဲ့ကူညီမှုမျိုး မလုပ်မိပါစေနဲ့

မနိုင်ဝန် ထမ်းရတဲ့ကူညီမှုမျိုး မလုပ်မိပါစေနဲ့

တစ်ခါတုန်းက လယ်ဧကများစွာပိုင်ဆိုင်တဲ့ လယ်သမားကြီးတစ်ဦးရှိတယ်။ သူဟာ တိရစ္ဆာန်တွေရဲ့ ဘာသာစကားကိုလည်း နားလည်တယ်။

သူ့မှာ နွားတစ်ကောင် နဲ့မြည်းတစ်ကောင်ရှိတယ်။ တစ်နေ့တော့ လယ်သမားကြီးဟာ လမ်းလျှောက်ရင်း နွား နဲ့ မြည်း စကားပြောနေတာကို ကြားမိလိုက်တယ်။

ဒါကြောင့် သစ်ပင်တစ်အကွယ်ကနေ သူတို့ဘာတွေပြောနေလဲဆိုတာ နားထောင်ကြည့်လိုက်တော့ နွားက မြည်းကို ပြော ပါတယ်..

”မင်း ကတော့ ကံကောင်းပါတယ်ကွာ။ ငါ့လိုပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုဘူး။ ငါ့မှာတော့ တစ်နေကုန်တစ်နေခန်း ထယ်ထိုးရတယ်၊ နေဘယ်လောက်ပူပူ ငါ့ခြေလက်တွေ ဘယ်လိုပဲ ညောင်းညာကိုက်ခဲနေပေမယ့် နားရတယ်မရှိဘူး။

ငါ့ဘဝကတော့ တကယ့်ကို စိတ်ပျက်စရာအပြည့်ပါပဲ။ ဒါပေမယ့် မင်း…. မင်းကတော့ တကယ့်ကို သက်သက်သာသာနဲ့ဘဝမျိုးကို ရထားတယ်။

သခင်က တစ်နေရာရာသွားချင်တယ်ဆိုရင်မင်းကိုယ်ပေါ်ကို အရောင်စုံအဝတ်လေးလွှမ်းပြီး ဟိုဟိုဒီဒီ ပို့ပေးရတယ်။ ဒါ့အပြင် ဘာမှ လုပ်စရာ မရှိဘူး။ အားနေရင် မြက်စိမ်းလေးစားပြီး အေးအေးသက်သာ နေရုံပဲ။

”ဒီစကားတွေကို ကြားတော့ မြည်းက သူ့မိတ်ဆွေဖြစ်တဲ့ နွားကို သနားသွားပါတယ်။ ဒါနဲ့ အကြံပေးပါတယ်။

”အေး သူငယ်ချင်းရာ မနက်ဖြန်ကြရင် ငါပြောတဲ့အတိုင်းလုပ်။ မင်း သက်သက်သာသာနေရလိမ့်မယ်။ မနက် ဖြန်မနက် မင်းကို လယ်ထွန်ဖို့လာခေါ်ပြီဆိုရင် မြေကြီးပေါ်လှဲပြီး ညည်းတွားနေလိုက်။

ဒါဆို မင်းနေမကောင်းဖြစ်နေတယ်ဆိုပြီး မင်းကို အနားပေးလိမ့်မယ်။”ဒီစကားတွေကို ကြားတော့ သခင်လုပ်သူက စဉ်းစားပါတယ်။

”အင်း ဒီ မြည်းတော့ သင်ခန်းစာ ကောင်းကောင်းပေးဖို့ လိုနေပြီပဲ။”ဒါနဲ့ နောက်တစ်နေ့နံနက်မှာ အစေခံတစ်ယောက်က နွားကို လာထုတ်သွားပြီး လယ်ထွန်ဖို့ခေါ်ပါတယ်။

လယ်ထဲအရောက်မှာ နွားက လှဲချလိုက်ပြီး နေမကောင်းချင်ယောင်ဆောင်ပါတယ်။ ဒီတော့ အစေခံက သခင်ဆီသွားပြီး အကြောင်းစုံ ပြောပြပါတယ်။

ဒါတွေကို သိပြီးသား ဖြစ်တဲ့ သခင်ဖြစ်သူက ” အေး ဒါဆို နွားကို အနားပေးပြီး မြည်းနဲ့ လယ်ထွန်လိုက်” လို့ ခိုင်းပါတယ်။အစေခံလည်း သခင်ခိုင်းတဲ့အတိုင်း နွားနေရာမှာ မြည်းကို အစားထိုးလို့ တစ်နေ့လုံး လယ်ထွန်ပါတယ်။

သူ့မိတ်ဆွေကို ကူညီချင်တဲ့ မြည်းဟာ နွားလုပ်ရမယ့်အလုပ်တွေကို လုပ်ရပါတော့တယ်။ ညနေချမ်းရောက်တော့ မြည်းဟာ ပြန်လာပါတယ်။

သူ့စိတ်တွေက နောက်ကျိနေပြီး သူ့ခြေထောက်တွေဟာ ခွေယိုင်နေပါပြီ။ ပခုံးကလည်း ထမ်းပိုးကိုထမ်းရတာကြောင့် နာကျင်ကိုက်ခဲနေပါပြီ။ နွားကို အကြံပေးမိတဲ့အတွက် သူဟာ

ကိုယ့်ကိုယ်ကိုယ် ဒေါသတွေထွက် နောင်တတွေလဲ ရနေပါပြီ။ဒီအချိန်မှာ သခင်လုပ်သူက ခြံထဲကိုလာပြီး တိတ်တိတ်လေး နား ထောင်ပြန်ပါတယ်။

မြည်းကို မြင်တော့ နွားက အားရဝမ်းသာနဲ့ ပြောပါသတဲ့။”မင်းကတော့ တကယ့် မိတ်ဆွေကောင်းပါကွာ။ မင်းအကြံပေးလို့ ဒီနေ့ ငါနားနားနေနေ နေရတယ်။

ကျေးဇူးတင်လိုက်တာကွာ။ မနက်ဖြန်လဲ ငါဒီလို ထပ်လုပ်အုံးမယ်။”ဒါနဲ့ မြည်းက ပြောပါတယ်။”ငါက အခြားသူတွေလို စိတ်သဘောထားကောင်းကောင်းမွန်မွန်နဲ့ မိတ်ဆွေသူငယ်ချင်းကို အကူအညီပေးချင်တဲ့သူပါ။

ဒါပေမယ့်လဲ နောက်ဆုံးတော့ မင်းလုပ်ရမယ့်အလုပ်တွေက ငါ့အပေါ်ပုံကျလာတယ်။

မနက်ဖြန်တော့ မင်း လုပ်နေကျအတိုင်း လယ်ဆက်ထွန်ဖို့ လိုလိမ့်မယ်။ သ ခင် က အစေခံကို ပြောနေတာ ငါကြားရတယ်။

မင်းထပ်ပြီး နေမကောင်းဖြစ်နေအုံးမယ်ဆိုရင်တော့ သားသတ်ရုံကို ပို့ရလိမ့်မယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငပျင်းတစ်ကောင် ဖြစ်နေလို့ပဲ။”

အဲဒီနောက်တော့ မိတ်ဆွေ နှစ်ဦးဟာ တစ်ဦးကို တစ်ဦး စကားမပြောကြတော့ပါဘူး။ တသက်လုံးလဲ မိတ်ဆွေ ပြန်မဖြစ်တော့ပါဘူး။

သင်ခန်းစာ – တကယ်လို့ သင်ဟာ တစ်ယောက်ယောက်ကို ကူညီချင်တယ်ဆိုရင်တောင် သူ့ဆီက ဝန်ထုပ်ဝန်ပိုးကို ကိုယ့်အပေါ် ကျမလာပါစေပဲ ကူညီနိုင်အောင်သာ ကြိုးစားသင့်တယ်..။

Credit – မူရင်းရေးသူ