ဆင်းရဲသင့်လို့ ဆင်းရဲနေရတဲ့ လူတချို့နဲ့ ဘဝမှာ မဆင်းရဲအောင် နေထိုင်နည်း

ဆင်းရဲသင့်လို့ ဆင်းရဲနေရတဲ့ လူတချို့နဲ့ ဘဝမှာ မဆင်းရဲအောင် နေထိုင်နည်း

အဖေပြောဖူးတယ် တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့ … အစပိုင်းက ကျွန်တော် အဲဒီစကားကို နားမလည်ဘူးဗျ။ ဘယ်လိုမျိုးဆင်းရဲ သင့်လို့ဆင်းရဲနေတာလဲပေါ့။

ဘယ်လိုလူတွေက ဆင်းရဲသင့်နေလို့လဲပေါ့။ အဲဒီစကားက ကိုယ်တိုင်ကြုံမှပဲ နားလည်ခဲ့တာ။ ကျွန်တော် အရင်က စီးပွါးရေးတွေလုပ်တော့ အောင်မြင်တယ်ပဲ ပြောရမယ်။

ဘဏ်အကောင့်ထဲ သိန်းထောင်ဂဏန်းရှိခဲ့ဖူးတယ်ပေါ့ဗျာ။ ငွေလေး ဘာလေးရှိလာတော့ လိူအပ်မှန်းမသိ မလိုအပ်မှန်းမသိ လျှောက်ဝယ်တဲ့ဇာတ်လမ်းက စတော့တာပဲ။

ဟွန်ဒါဖစ်လေး စစီးတယ်။ သိပ်မကြာသေးဘူး လမ်းမှာရပ်ထားတဲ့ ဝစ်ရှ် တစ်စီး လှလို့ဆိုပြီး ဟွန်ဒါဖစ်ကို အရှုံးခံ ရောင်းပြီး ဝစ်ရှ် ကို ဝယ်ပြန်ရော။

ဝစ်ရှ် စီးတာ မကြာသေးဘူး သူငယ်ချင်းတွေက မင်းအနေထားကြီးနဲ့ အယ်လ်ဖတ် လောက် တော့ စီးသင့်နေပြီ။

ဆီဖိုးလဲတတ်နိုင်တာပဲ ဘာညာ ပြောတာနဲ့ ဝစ်ရှ် ကို ပြန်ရောင်း။ ပြန်ရောင်းတော့ထပ်ရှုံးတယ်။ အယ်လ်ဖတ် ထပ်ဝယ်တော့ ငွေကထပ်လိုက်ရပြန်ရော။ ငွေကတစစနဲ့ ရှုံးနေတာကို သတိမထားမိတာ။

အဲဒါလဲ အားမရသေးဘူး ဖို့ဒ် ကား Showroom ရှေ့ရောက်တော့ ဖို့ဒ် ကြီးလိုချင်ပြန်ရော။ အကောင့်ထဲမှာ ငွေရှိတာပဲလေဆိုပြီး ထပ်ဝယ်ပလိုက်ပြန်ရော။

ကိုယ့်ဝင်ငွေထက် ထွက်ငွေတွေကများနေတာကို သတိမထားမိပဲ ကို့ရဲ့လိုချင်စိတ်ကို မထိနိးနိုင်ခဲ့တာဗျ။ စီးတီးမတ် တစ်ခါသွားရင် လိုတာကော မလိုတာကော ဝယ်။

တစ်ခါရှင်းရင် နှစ်သိန်းသုံးသိန်း။ ပြီးရင်ဘာမှလဲအဖတ်မတင်ဘူး။ ကားတွေဝယ်နေတဲ့သူတွေ။ စီးတီးမတ်သွားတဲ့လူတွေကို ပြောတာမဟုတ်ဘူးနော်။

ကို့ဟာကို ဝင်ငွေနဲ့ထွက်ငွေ မမျှတာကို သတိမထားမိတာကို ဥပမာ နဲ့ ပြောပြတာပါ။ ဒီလိုနဲ့ လုပ်ငန်းတွေ ရှုံးပြီး ဝင်ငွေတဲ့ ရပ်သွားတဲ့အချိန်မှာလည်း အသုံးအဖြုန်းကတော့ မရပ်နိုင်သေးဘူး။

ဘယ်အချိန်မှရပ်လဲဆိုတော့ မွဲသွားမှရပ်တာ။ ဝင်ငွေထွက်ငွေ မမျှတ ရင်လည်း ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ထိပ်ဆုံးက ပါနေပြီဗျ။

ငွေရှာဖို့ အရေးကြီးပေမယ့် #ရှာလာတဲ့ငွေကိုထိနိးသိမ်းတတ်ဖို့ကပိုပြီးအရေးကြီးတယ်။ ရှာတာ တစ်လ ဆယ်သိန်းကို ဆယ်သိန်းလုံး သုံးမပစ်သင့်ဘူးဆိုတာ လူတိုင်းသိပေမယ့် လိုက်နာဖို့ကျတော့ခက်ခဲတယ်။

ဆယ်သိန်းဝင်လို့ ငါးသိန်းသုံးပြီး ငါးသိန်းစုနိုင်ရင်အကောင်းဆုံးပေါ့။ အခုဒီစာဖတ်နေတဲ့သူတွေကိုလည်း ကျွန်တော် ပြောချင်တယ်။

ဝင်ငွေတွေကို အကုန်မသုံးပါနဲ့။ မလိုအပ်တာ တွေ သိပ် မဝယ်ပါနဲ့။ နောက်ပိုင်းဆိုငွေရှာရပိုခက်တော့မှာပါ။ ငွေစုပါ။ စုလာတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ။

ကျွန်တော် ဝင်ငွေထွက်ငွေ မမျှလို့ မွဲဖူးလို့ စေတနာနဲ့ရေးတာပါ။ ကျွန်တော်မှ မဟုတ်ဘူး။ ငယ်သူငယ်ချင်းတစ်ယောက်လဲ အဲဒီလိုပဲ။

သူအဆင်ပြေနေတဲ့ အချိန် ဘဏ်ထဲမှာ သိန်းနှစ်သောင်းကျော်ရှိတယ်။ သူကကျတော့ လောင်းကစားလုပ်တာ။မြဝတီဘက် ကာစီနို သွားဆော့တာ အခုဆို နေစရာအိမ်တောင်မရှိတော့လို့ သူများအိမ်ကပ်နေနေရပြီ။

ဝင်ငွေထွက်ငွေ မချိန်တတ်တဲ့ အပြင် လောင်းကစားပါ ငြိသွားတော့ ဆင်းရဲသင့်တဲ့လူစာရင်းထဲ ပါသွားတာပေါ့။

အရင်က ကိုယ်အသုံးမကျခဲ့ကြောင်း ကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာ သိပ်တော့ သက်တောင့်သက်သာမရှိလှပေမယ့် ကိုယ်တွေ သတိမထားခဲ့လို့ မွဲခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချငိလို့ ဒီစာကိုရေးပေးတာပါ။

အခုယိုပေါက်တွေပိတ်လိုက်လို့ အရင်ထက် ပိုအဆင်ပြေနေပါတယ်။ ဆင်းရဲသင့်တဲ့သူက ဆင်းရဲနေအုန်းမှာမလို့ ဝင်ငွေနဲ့ ထွက်ငွေ အမြဲတမ်းချိန်ဆ အသုံးပြုနိုင်ကြပါစေ။

Sint Nyi Nyi Tun