လူတိုင်းနီးပါး နားလည်မှုလွဲနေကြတဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေက လူကိုဘေးဖြစ်စေတယ်ဆိုတာ
ဂတ်စ်ပါတဲ့အချိုရည်တွေက လူကိုဘေးဖြစ်စေသလား.. တကယ်တော့ အချိုရည်ပဲဖြစ်ဖြစ်၊ အရက်နဲ့ရောသောက်တဲ့ ဆိုဒါပဲဖြစ်ဖြစ် ဖန်ခွက်ထဲလောင်းချလိုက်ရင်
အမြှုပ်ကလေးတွေပလုံစီထလာပြီး၊ သောက်လိုက်ရင်ပြင်းရှရှအရသာဖြစ်နေတာဟာ အဲ့ဒီအရည်ထဲကို ဖိအားပြင်းပြင်းနဲ့ထည့်ထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 gas ကြောင့်ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အဲ့ဒီပြင်းရှရှအရည်တွေကို Carbonated water လို့ခေါ်ပါတယ်။ တချို့လူတွေကတော့ အဲ့ဒီ Carbonated water တွေဟာ အရိုးပွရောဂါဖြစ်စေတယ်။
သွားပိုးစားစေတယ်။ ဗိုက်အောင့်တာ၊ ဝမ်းပျက်တာတွေဖြစ်စေတယ်။ ဘော်ဒီဝိတ်တက်စေတယ်လို့ ထင်တတ်ကြပါတယ်။
၂၀၀၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လူဦးရေ ၂,၅၀၀ ပါဝင်တဲ့ လေ့လာစမ်းသပ်ချက်တစ်ခုမှာတော့ Carbonated water တွေဟာ အရိုးပွ၊ အရိုးပါးရောဂါကိုဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက်လုံးဝမတွေ့ခဲ့ရပါဘူးတဲ့။
ဒါပေမယ့် ထူးခြားတာကတော့ Carbonated Gas ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ Cola အချိုရည်အသောက်များတဲ့အမျိုးသမီးတွေမှာ အရိုးပွ၊
အရိုးပါးရောဂါပိုဖြစ်တတ်တယ်ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Cola မှာပါဝင်တဲ့ Phosphorus ဟာ ခန္ဓာကိုယ်ထဲက Calcium တွေကိုလျော့နည်းစေလို့ပါပဲ။
၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာတော့ အချိုရည်တွေကြောင့် သွားပိုးစားတယ်ဆိုဟာ အဲ့ဒီအချိုရည်မှာပါတဲ့ Carbonated gas ကြောင့်မဟုတ်ဘဲ
သကြားအချိုဓာတ်က အက်ဆစ်အဖြစ်ပြောင်းသွားခြင်းကြောင့်သာဖြစ်တယ်လို့ ပြောပါတယ်။ လူတွေထင်နေကြတာက CO2 လို့ခေါ်တဲ့
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ ရေနဲ့ပေါင်းရင် ကာဘွန်နစ်အက်ဆစ်ဖြစ်မယ်။ အဲ့ဒီအက်ဆစ်ဓာတ်ဟာ လူကိုအန္တရာယ်ဖြစ်စေတယ်လို့ မှားယွင်းပြီးထင်နေကြတာပါ။
၁၉၉၉ နဲ့ ၂၀၁၂ မှာပြုလုပ်ခဲ့တဲ့ သုတေသနတွေအရလည်း Carbonated water တွေဟာ သွားကြွေလွှာတွေကိုထိခိုက်စေတယ်ဆိုတာ မဟုတ်ပါဘူးလို့အဖြေထွက်ခဲ့ပါတယ်။
နောက်တချက်ကတော့ ဂတ်စ်ပါတဲ့အချိုရည်တွေဟာ လေထိုးလေအောင့်ဖြစ်စေတတ်တယ်ဆိုတဲ့ အယူအဆပါပဲ။ တကယ်တော့ အဲ့ဒါဟာ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲဆိုင်ပါတယ်တဲ့။
အောင့်ချင်တဲ့သူကတော့ အောင့်မှာပါပဲ။ သင့်အနေနဲ့ ဒီဟာတွေသောက်လို့ ဗိုက်အောင့်တတ်တယ်ဆိုရင် မသောက်ပါနဲ့။ မအောင့်တတ်ဘူးဆိုရင်တော့ သောက်လို့ရပါတယ်တဲ့။
ကြီးကြီးမားမားအန္တရာယ်တော့ မရှိပါဘူးတဲ့။
တကယ်တော့ Carbonated water တွေဟာ အစာခြေတာကိုအထောက်အကူပြုစေပြီး၊ ဝမ်းချုပ်တာကို သက်သာစေတယ်လို့တောင် ပြောပါတယ်။
ပြီးတော့ Carbonated water ဟာ ဘော်ဒီဝိတ်တက်စေသလားဆိုတဲ့ ပြဿနာပါ။ တကယ်တော့ အဲ့ဒီဂတ်စ်ကြောင့် တိုက်ရိုက်ဘော်ဒီဝိတ်တက်တာတော့ မဟုတ်ပါဘူး။
အဲ့ဒီအရည်တွေကို အစာမစားခင်သောက်လိုက်ရင် ဗိုက်ချောင်သွားပြီး ခန္ဓာကိုယ်ထဲကနေ အစားစားချင်တဲ့ဟော်မုန်းတမျိုး ထွက်လာစေပါတယ်။
ပြီးတော့ ကာဘွန်နစ်အက်ဆစ်က ခံတွင်းထဲမှာရှိတဲ့အာရုံကြောလေးတွေကို နှိုးဆွပေးပါတယ်။
အဲ့ဒါကြောင့် ခံတွင်းကိုကောင်း၊ နှုတ်ကိုမြိန်စေပြီး အစားတွေပိုစားဖြစ်တာကြောင့် ဘော်ဒီဝိတ်တက်လာတာဖြစ်နိုင်ပါတယ်တဲ့။
Carbonated water တွေဟာ အက်ဆစ်ဓာတ်ပါဝင်တာတော့မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီအက်ဆစ်ပမာဏဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေနဲ့ဆို ချေဖျက်ဖို့ရာမပြောပလောက်ပါဘူး။
အဲ့ဒါကြောင့် အပေါ်ကအချက်အလက်တွေကိုခြုံပြောရရင် ဂတ်စ်ပါတဲ့အချိုရည်တွေဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာဟာ
ပြင်းရှရှအရသာရှိတဲ့ Carbonated water ရဲ့အာနိသင်ကြောင့်မဟုတ်ဘဲ ပါဝင်တဲ့ သကြားဓာတ်တွေ၊ ဆိုးဆေးတွေနဲ့ တခြားဓာတုပစ္စည်းတွေကြောင့်သာဖြစ်ပါတယ်။
Dr. Okka Kyi Winn