လယ်တွေ စျေးကောင်းရတိုင်း မရောင်းပါနဲ့ ပြောရတာ ဒါကြောင့်ပါ ဆိုတဲ့ ဖြစ်ရပ်မှန်

လယ်တွေ စျေးကောင်းရတိုင်း မရောင်းပါနဲ့ ပြောရတာ ဒါကြောင့်ပါ ဆိုတဲ့ ဖြစ်ရပ်မှန်

လယ်တွေ စျေးကောင်းရတိုင်း မရောင်းပါနဲ့လို့ ပြောနေရတာ ဒါကြောင့်ပါဆိုတဲ့ ချန်ထပူရီက ဖြစ်ရပ်မှန်…

ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ထပူရီ ဆိုတဲ့ပြည်နယ်လေးတခုရှိတယ်။ အဲ့ဒီပြည်နယ်က စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြပြီး အများဆုံးစိုက်တာကတော့ စပါးပေါ့။ သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံ တနိုင်ငံလုံးစာနီးပါး ဖူလုံစေသတဲ့။

နောက်တော့ တဖြည်းဖြည်းနဲ့ စပါး အထွက်နှုန်းတွေလျော့ကျလာပီး နောက်ဆုံး လုံး၀ မထွက်နိုင်တော့တဲ့အထိ ဖြစ်သွားခဲ့လို့ တရွာလုံးက ယောက်ျားလေးတွေ သင်္ဘောလိုက် မြို့တက်အလုပ်လုပ်၊ မိန်းကလေးတွေကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတာတွေလုပ်စား စသဖြင့်ပေါ့ဗျာ..။

ဒီလိုနဲ့ နိုင်ငံ့အတွက် ဆန်စပါးရိက္ခာဟာ အစပိုင်းမှာ ဖူလုံနေခဲ့ပြီး နောက်ပိုင်းကျ နိုင်ငံခြားက ဆန်စပါးတွေကို တင်သွင်းလာရတော့ ဝန်ကြီးတွေက သိပ်မကြည်ကြတော့ဘူး။

နောက်ပိုင်း လုံးလုံးလျားလျား တင်သွင်းလာရတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရိက္ခာငွေတွေ ထိခိုက်လာတယ်။ ဒါ့ကြောင့် ဝန်ကြီးတွေဟာ အစည်းဝေးခေါ်ပီး အစီအစဉ်တခုကို ဆွဲခဲ့ကြတယ်။

ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြတော့ ဘုရင်ကို ခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်နေသူတွေကို စုစည်းရအောင် အဲ့ဒီချန်ထပူရီဒေသကို

တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာလိုက်တယ်။ ဘုရင်ကလည်း နိုင်ငံ့အရေးဆိုတော့ သဘောတူတယ်။ နောက် ဘုရင်က ၀န်ကြီးနောက်လိုက်တွေနဲ့အတူ ချန်ထပူရီကို ရောက်တယ် ဆိုပါတော့။

အဲ့ဒီမှာ လူလည်းစုံရော အရင်က စီစဉ်ထားခဲ့တဲ့အတိုင်း အပြောအဟောကောင်းတဲ့ ဘုရင့်ကိုယ်ရေးအရာရှိကို ပြောခိုင်းတော့တာဘဲ။

“ကဲ… ဘုရင်မင်းမြတ်ကိုယ်တိုင် ဒီလို တိုင်းခန်းကြွလာရခြင်းဟာတော့ နိုင်ငံ့ရဲ့ အရေးပေါ်အခြေအနေတခုကို ကြေငြာအသိပေးလိုတာကြောင့်ဘဲ ဖြစ်တယ်။

ဒီနေရာမှာ ဒီဒေသရဲ့ စပါးအထွက်နှုန်းနဲ့ ပတ်သတ်လို့ အရင်က လူကြီးမင်းတို့ စပါးစိုက်ပြီး ထိုင်းတနိုင်လုံးကို ဖူလုံနိုင်စေခဲ့တယ်။

အခု လူကြီးမင်းတို့ မစိုက်တော့လို့ ကျွန်တော်တို့တွေ တခြားက တင်သွင်းနေရတယ်၊ ဘဏ္ဍာရိက္ခာအရံငွေတွေ အလွန်ကို ထိခိုက်လာနေတယ်။

အဲ့တော့ နိုင်ငံ့ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိတဲ့အနေနဲ့ ခင်ဗျားတို့ စပါးကို မဖြစ်မနေပြန်စိုက်ပေးကြဖို့ပါ။

မစိုက်နိုင်ခဲ့ဘူးဆိုရင်တော့ ဒီဒေသအတွက် ထိုက်လျောက်တဲ့ အရေးယူမှုတွေ ပြုသင့်ရင် ပြုလုပ်ရပါလိမ့်မယ်…” အဲ့ဒီမှာ ဘုရင်ကြွလာလို့ အားလုံးပျော်ရွင်နေရာကနေ ငြိမ်ပြီး ၀မ်းနည်းသွားကြတယ်။ ချက်ခြင်းဘဲ အဖိုးအိုကြီးတယောက်က ထလာပြီး တောင်သူဆိုတော့ သိတဲ့အတိုင်း ဘုပြောနဲ့ ပြောချတော့တာပေ့ါ။

“အေး… မင်းတို့ပြောသလို မလုပ်နိုင်ဘူး…. သတ်ချင်သတ်။ ဒါပေမယ့် အားလုံးတော့ မလုပ်နဲ့။ ငါ့တယောက်ထဲ လာသတ်လှည့်။

မင်းတို့က ငါ့တို့အကြောင်းတော့ သေသေချာချာ မစုံစမ်းဘဲ ရမ်းသမ်းပြီး လာလုပ်လို့ရမလား… ငါတို့ ဘယ်လောက်ဒုက္ခရောက်နေခဲ့ရသလဲ မင်းတို့မသိဘဲနဲ့” ဆိုပြီး ၀င် ဖြဲတာပေါ့။

အဲ့တော့မှ ၀န်ကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ ဘုရင့် ကိုယ်ရေးအရာရှိက ဝန်ကြီးတွေကို လက်တားပြလိုက်ပြီး… “ဒါဆိုရင် အဖိုး ဒီကစောင့်နေပါ။

ဒီကိစ္စကို အခုမရှင်းသေးဘူး မနက်ဖြန်ကျမှ ကျုပ်နဲ့ ခင်ဗျား ၂ ယောက်ချင်း တွေ့မယ်ဆိုပြီး” အားလုံး ပြန်သွားကြတယ်။

အားလုံးကတော့ ဘုရင့်အရှေမှာမို့ (ဘုရင်က ပြည်သူတွေကို အရမ်းချစ်တာကိုး) အပြစ်မပေးဘဲ နောက်မှ အပြစ်ပေးမယ်ပေါ့ စသဖြင့် ထင်ကြတယ်။ နောက် ဘန်ကောက်ပြန်ရောက်တော့ ဘုရင့်ကိုယ်ရေးအရာရှိက သူ့ရဲ့ ရာထူးကိုစွန့်လိုက်တယ်။

အားလုံးလည်း အံ့သြကုန်ကြတာပေါ့။ သူက ဝန်ကြီးတွေကို ပြောခဲ့သေးတယ်။ ကျနော်ဒီရွာကို သွားလေ့လာရမယ်ပေါ့။

စုဝေးပွဲမှာတုန်းက အဖိုးကြီးပြောတဲ့အထဲ တခုပါခဲ့သေးတယ်။ “ခင်ဗျားတို့က ရာထူးအဆောင်အယောင်တွေနဲ့ ကြီးပွားနေပြီး အေးအေးဆေးဆေးနေနေရတော့ ဒို့ဒုက္ခတွေကို ဘယ်သိမလဲ” ဆိုပြီးပေါ့။

ဒါကို ကိုယ်ရေးအရာရှိက ကောင်းကောင်းနားလည်သွားပုံရပါတယ်။ ဘုရင်ထံ ခွင့်တောင်းတယ်။ ရိုးရိုးအရပ်သားဘ၀နဲ့ ချန်ထပူရီကို ကယ်တင်ပါရစေဆိုတော့ ဘုရင်ကလဲ ခွင့်ပြုတယ်။ ဒီလိုနဲ့ ချန်ထပူရီကိုရောက် အဖိုးကြီးနဲ့တွေ့။

အကြောင်းအရင်းကို မေးကြည့်တဲ့အခါ…. “အရင်ကတော့ ဟုတ်တယ် စပါးတွေ စိုက်တိုင်းဖြစ်တယ်။

နောက် နိုင်ငံတိုးတက်လာတော့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး… စတာတွေ ပေါ်လာတယ်။ အဲ့ဒါတွေသုံးရင် ၂ဆ ၃ဆ အထွက်တိုးမယ်ဆိုပြီး ဓာတ်မြေသြဇာ ကုမ္ပဏီကြီးတွေက လာရောင်းတယ်။

အစပိုင်း ၄၊ ၅ နှစ်မှာ သူတို့ပြောတဲ့အတိုင်း ထွက်တော့ တောင်သူတွေလဲ ၀မ်းသာတာပေါ့။ နောက်ပိုင်း အထွက်နှုန်းလျော့ကျလာတယ်။

အထွက်နှုန်းလျော့လာတော့ ဓာတ်မြေဩဇာကျွေးနှုန်းကို ၂ ဆ ၃ ဆ တိုးထဲ့ရမယ်ဆိုပီး ကုမ္ပဏီတွေဘက်က ဆော်ဩလာတယ်။

နောက် ထပ်ပီး ဖော်မြူလာ ၀မ်း ဘာညာဆိုပြီး စျေးနှုန်းမြင့်တဲ့ ဓတ်မြေသြဇာတွေ သွင်းတော့တာပဲ။ တဖြည်းဖြည်း တောင်သူတွေက မ၀ယ်နိုင်တော့ သူတို့က စပါးပေးနဲ့ရောင်းတယ်။

အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း အထွက်နှုန်းလျော့လာပြန်ရော။ နောက်ဆုံး အကြွေးပေါ်အကြွေးဆင့်နဲ့ လုံး၀မစိုက်နိုင်တော့ဘဲ သားသမီးတွေကို ခုနကလို အဖြစ်မျိုးတွေဖြစ်အောင် တွန်းပို့သွားတော့တာဘဲ” တဲ့။

အဲ့ဒီမှာ စိုက်ပျိုးရေးကျောင်းဆင်းဖြစ်ခဲ့တဲ့ ကိုယ်ရေးအရာရှိက (ရာထူးကစွန့်လိုက်ပြီနော်) သူ့ပိုင်ဆိုင်တဲ့ ငွေတွေနဲ့ ပြန်စမယ်လို့ ဆိုလိုက်တယ်။

ခင်ဗျားတို့က လူစိုက်ပေး။ တချို့တ၀က်တော့ လက်ရှိအလုပ်ပဲ ဆက်လုပ်အုံးပေါ့။ နောက်အဆင်ပြေလာတော့မှ ဒီထက် လူအင်အား ထပ်တိုးကြတာပေါ့ဆိုပီး… ကဲ မှန်းစမ်း မြေကိုစမ်းကြည့်မယ် ပေါက်တူးယူခဲ့ဆိုတော့…

ရွာသားတွေလည်း တက်ကြွလာတာပေါ့။ နောက် မြေကို ပေါက်တူးနဲ့ ပေါက်လိုက်တာ တချွမ်းချွမ်း မြည်နေတော့တာပဲ။

(ဓာတ်မြေသြဇာတန်ခိုးတွေပြပီး မြေတွေ ကျွတ်ကုန်တော့တာပါ) ဒါဆိုသိပြီ ဆိုပြီး အဲ့ဒိအချိန်ကနေ စတင်လာခဲ့လိုက်တာ…

အခုဆိုရင် ချန်ထပူရီမှာ စပါးအပြင် အခြားနှစ်ရှည်ပင်တွေရော၊ စားပင်သီးပင်တွေရော စုံလို့။ ဒါ့အပြင် အဲ့ဒီဒေသက တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးသင်တန်းကျောင်းကြီးလည်း ဖွင့်ပေးထားတယ်။

နောက် အပင်တွေကထွက်တဲ့ သဘာ၀အရင်းအမြစ်တွေနဲ့ လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေ စတာတွေကို စက်ရုံတွေနဲ့ ထုတ်နေပြီလေ….

သင်တန်းကျောင်းဆရာကတော့ ကိုယ်ရေးအရာရှိကြီးပေါ့။ (နမူနာတခုပြောရရင် အဲ့ဒီဒေသက ပျက်စီးသွားတဲ့မြေတွေကို မြေဆီပြန်လုပ်တာနဲ့ပတ်သတ်လို့ ချန်ထပူရီမှာ မြက်ရှည်ရိုင်းတွေက မပေါက်တော့

ကမ္ဘောဒီယားနဲ့ ဗီယက်နမ်တွေဆီက ၀ယ်ပီး သင်္ဘောတွေနဲ့ ကားတွေနဲ့သယ်။ နောက်မှ အဲ့ဒါတွေကို နုတ်နုတ်စင်း မြေကြီးပေါ်မှာခင်းပြီး သဘာဝမြေဆီ ပြန်လုပ်ခဲ့ရတယ်)

ဒီ ဖြစ်ရပ်လေးကို နမူနာယူပြီး ကျနော်တို့နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကိုလည်း တိုးတက်အောင် တခေတ်ဆန်း ပြောင်းလဲသင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

(မူရင်းက ထိုင်းနိုင်ငံမှာ နေခဲ့ဖူးတဲ့ စာရေးဆရာမကြီးတယောက် ဟောပြောပွဲကနေ စာသားအဖြစ် နားလည်နိုင်စေရန် ပြန်လည် ပြုပြင်ရေးသားထားပါတယ်။

ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ တကယ်ဖြစ်သွားခဲ့တဲ့ အဖြစ်ကနေ ယနေ့ ထိုင်းနိုင်ငံရဲ့ ကမ္ဘာကိုထိုးဖောက်နေတဲ့ စိုက်ပျိုးရေးနည်းစနစ်ကို မီးမှောင်းထိုးပြချင်ရုံမျှသာ…)

YN