သမာဓိ မြန်မြန်တက်တဲ့နည်း(တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက်ပါ)

သမာဓိ မြန်မြန်တက်တဲ့နည်း

တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက်ပါ။

ဝင်လေ ထွက်လေကို သေချာစောင့် ဖမ်းနေရပါတယ်။ ကိုယ်ခန္ဓာက ယားတယ်ဆိုလဲ ယားတဲ့ပေါ် ဖြစ်ပျက် မမှတ်ဘဲ။ အာရုံက နှာသီးဖျားပေါ်မှာ ရှိနေပေးပါ။

ဥပမာ- သီချင်းသံတွေ ဘယ်လောက်ဆူညံပါစေ အာရုံက တစ်ခြားနေရာရောက်နေတဲ့ သူတွေအနေနဲ့ ဘာစာသားတွေ ဆိုသွားတယ်ဆိုတာတွေ ကျယ်လောင်နေတာဘဲဆိုတာတွေ မသိနိုင်သလိုပါဘဲ။

တကယ် တရားထိုင်တဲ့အခါမှာ လူတော်တော်များများက ဘာကို ဘယ်လို ထိုင်ရမယ်ဆိုတာ မသိကြပါဘူး။ နားလည်သူတွေကို မေးမြန်းကြတာတွေလဲ နည်းပါတယ်။

ကြာကြာထိုင်ပေမယ့် သမာဓိမတက်။ ဒုံရင်းက ဒုံရင်းဖြစ်နေကြတာ။ မထိုင်တတ်ကြလို့ပါ။

နှာသီးဝမှာ ထားတယ်ဆိုရာမှာ စလုံးရေ စတဲ့ သူတွေအနေနဲ့ ပြဿနာ တစ်ရပ်က အတွေးလေးတွေ ဝင်လာတာပါဘဲ။

အတွေးတွေ မဝင်ရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိကပ်လိုက်တဲ့အခါ အတွေးကို ဖျက်လိုက်ပါ။

ငါ အတွေးဝင်သွားပါလားဆိုတဲ့အတွေးနဲ့အပြိုင် ငါတရားထိုင်နေပါလားဆိုတာ သိပါ။

ပြီးရင် နှာသီးဖျားမှာ ဆက်ထားပါ။ အတွေးပေါ်မှာ ဖြစ်ပျက်လေး ဖြစ်သွားပါလားဆိုတဲ့ ဟာလေး နှလုံးသွင်းနိုင်ရင် ပိုကောင်းပါတယ်။

တရားနိမိတ်တွေ ပေါ်လာရင်လဲ ထူးဆန်းအံ့သြမှုတွေ ထဲမှာ မျောပါမသွားဘဲ။ ငါ တရားထိုင်နေတယ်ဆိုတဲ့ အတွေးလေးနဲ့ ဖြတ်ပစ်ရပါမယ်။

ဒီနေရာမှာ သမထနဲ့ ဝိပဿနာခွဲဖို့ လိုပါလိမ့်မယ်။ သမာဓိ ထူထောင်တဲ့အထိက သမထနည်းနဲ့တူတူပါဘဲ။ သမာဓိ အားကောင်းလာပြီဆို အာရုံထူူး နိမိတ်ထူး ခံစားချက်ထူး တွေနဲ့ တွေ့လာတဲ့အခါမှာ သမထက အာရုံတွေပေါ်မှ နှစ်သက် မြောပါသွားပါတယ်။

ဝိပဿနာက ဘာအာရုံတွေဘဲလာလာ အပျက်ဆိုတဲ့ ဘက်ကို ရှေ့ရှုရမှာပါ။ ပျော်ဝင်မသွားရပါဘူး။ အနတ္တမှာ လမ်းဆုံးမှ ဝိပဿနာပါ။

ဒီနည်းလေးက တန်ဖိုးသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို ရှေးကျမ်းစာ တစ်အုပ်ထဲမှာ ဖတ်ရတာပါ ဖြတ်လမ်းနည်းလေးပါ။

အာနာပါနစတင်အားထုတ်သူ၏ ထိုင်ပုံနည်းစနစ်

တင်မလ္လင်ခွေဖြစ်စေ မိန်းမထိုင်ဖြစ်စေ အဆင်ပြေသလိုထိုင်နိုင်ပါတယ် ။

အထက်ပိုင်းကိုယ်ကိုဖြောင့်မတ်စွာထားဖို့လိုပါတယ်။တစ်ခါတစ်ရံ လေရှူသွင်းတာကို လိုက်တာများပါက နောက်သို့လန်တတ်ပါတယ်။

လေထုတ်မှုနောက်သို့လိုက်တာများပါက အရှေ့သို့ငိုက်တတ်ပါတယ်၊ဒါမျိုးမဖြစ်စေရန်မတ်နေဖို့လိုအပ်ပါတယ် ။

တင်းပါးအောက်မှာလက်နှစ်လုံးစာလောက် ခေါင်းအုံးလေးဖြစ်စေ သင့်တော်မည့် အဝတ်စောင် စသည်တို့အား ထား၍ထိုင်မည်ဆိုပါကအလိုအလျောက်ခါးမတ်လာပါလိမ့်မည်။

အာနာပါအားထုတ်သူသည်ခါးမတ်ဖို့ကအလွန်အရေးကြီးပါတယ်၊ ခါးမတ်မှ လေကိုမှန်မှန်ဖြောင့်ဖြောင့်ရှူသွင်းရှူထုတ် လုပ်နိုင်ပါမယ်၊

အဝတ်အစားတို့အားလည်းတင်းကျပ်မနေဖို့လိုအပ်ပါတယ် ၊ ပြေလျော့သော အဝတ်တို့ကိုဝတ်သင့်ပါတယ် ၊ ရာသီဥတုကိုလိုက်ပြီး အဝတ်အစားကို ဝတ်သင့်ပါတယ် ။

တင်မလ္လင်ခွေထိုင်တဲ့နေရာမှာ ခြေထောက်နှစ်ချောင်းအားထပ်၍ မထိုင်သင့်ပါဘူး ၊ ဘယ်ဖြစ်စေ ညာဖြစ်စေ ရှေ့သို့တစ်ချောင်းထားနောက်သို့တစ်ချောင်းထား၍ ထိုင်ပါကကြာရှည်ထိုင်နိုင်ပါလိမ့်မယ် ။

လက်နှစ်ဖက်လည်း ဘယ်လက်ဖဝါးပေါ် ညာလက်ဖဝါးတင်၍ထိုင်နိုင်ပါတယ် ၊ ဒါမှမဟုတ် အဆင်ပြေသလိုထားနိုင်ပါတယ်။

(လက်နှစ်ဖက် ထပ်ထားတဲ့နေရာမှာ လက်မနှစ်ခုအား ထိ၍အတင်းဖိတွန်းမထားရပါ) လက်သည်လိုရင်းမဟုတ်ပါ ခါးရှေ့သို့မငိုက်ရန်အထိန်းဖြစ်ပါတယ် ။

သင်ခန္ဓာကိုယ်သည် ကုလားထိုင်တစ်လုံးလိုဖြောင့်နေပါပြီ ။ရှေ့ခြေနှစ်ခြောင်း တင်ပါးနှစ်ခုတို့၏ လေးချောင်းထောင့်ထားသော ကုလားထိုင်ကဲ့သို့ မတ်နေပါပြီ ။

အာနာပါန စတင်အားထုတ်တော့မယ်ရှေ့ကဖြစ်သော ဝမ်းသာစရာ ဝမ်းနည်းစရာ အတွေးတွေမဝင်အောင် စောင့်ထိန်းမယ်ဆိုပြီး စိတ်ကိုမွေးမြူပါ။

တရားအားလိုခြင်သော ဆန္ဒအားမွေးမြူကာ မလျော့သောဝီရိယ အစဉ်မပြတ်သောသတိဖြင့် အားထုတ်ပါ ။

အာနာပါနအားထုတ်စ ယောဂီများတွင် ဖြစ်လေ့ဖြစ်ထရှိသော အခက်အခဲလေးများ

အသံသည် သမာဓိ၏ဆူးငြောင့် ဖြစ်သည်ဟုဆိုသည့် အတိုင်း ပတ်ဝန်းကျင်၏ အသံတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။

ဒါကိုစိတ်ထဲတွင် မကျေမနပ်မဖြစ်သင့်ပါ ၊ တောတောင်ထဲသည်ပင် ကျေးငှက်သားရဲ တိရစ္ဆာန်တို့၏ အသံပင်ရှိသေး၏ ။

မိမိစိတ်၌ မကျေမနပ်မှုကြောင့် ဒေါသစိတ်တို့ ဝင်ရောက်သဖြင့် ကမ္မဋ္ဌာန်းဆုတ်ယုတ်တတ်၏ ။ ဒီအသံတို့အားလည်း ကြားရကောင်းမလားဟု မိမိကိုယ်လည်း အပြစ်မတင်သင့်ပါ ။

ဒီအချိန်သည်အသံများမကြားရလောက်အောင် ဖြစ်ပေါ်စေသော သမာဓိမျိုးကား မဟုတ်သေးပေ ။ ကြားသင့်သလောက်ကြားနိုင်သေး၏ ။

ငါသည် ခန္ဓီပါရမီ ဖြည့်သည်ဟူ၍ မိမိကိုယ်ကိုဆုံးမကာ သတိကြီးစွာဖြင့် လေကိုသာမှတ်နေပါ ။

ယောဂီများတွင်ဖြစ်တတ်ခြင်းမှာ နှာသီးအတွင်းကိုလိုက်မိ၍ တင်းကျပ်မှုကိုခံရတတ်ပါတယ် ။ ထိုသို့ဖြစ်လာလျှင် အတွင်းသို့မလိုက်မိစေရန် သတိကြီးစွာထား၍ နှာသီးဖျား(သို့) အထက်နှုတ်ခမ်း၌သာ ဝင်လေထွက်လေကိုသာမှတ်နေပါ ။

ပူမှု အေးမှုမာမှု တင်းမှု တို့အားနှလုံးမသွင်းရပါ ။ ဓာတ်ဘက်သို့ရောက်၍ ကမ္မဋ္ဌာန်းဆုတ်ယုတ်တတ်ပါတယ် ။

သမာဓိသည် အားကောင်းလာပါက တစ်ခါတစ်ရံ မျက်နှာပြင် ဒါမှမဟုတ် နှာသီးဖျားတို့၌ ပိုးရွတို့ သွားသကဲ့သို့ ဖြစ်တတ်ပါတယ် ။

ထိုသို့ဖြစ်ပေါ်လာပါက ကမ္မဋ္ဌာန်းကိုရပ်ပြစ်ခြင်း မပြုပါနှင့် ၊ စိတ်ရှည်သည်းခံစွာ ဝင်လေထွက်လေကိုသာမှတ်နေပါ မကြာမှီပင် ပျောက်သွားတတ်ပါတယ် ။

အာနာပါနသမာဓိကို အောင်မြင်ပေါက်မြောက်ခြင်း

သမထပိုင်းရဲ့ အဆင့်လေးဆင့်( ဝင်လေ ထွက်လေ ရှစ်မျိုး)သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ရှိတဲ့အနက် ကြိုက်တဲ့ကမ္မဋ္ဌာန်းနှင့် သမာဓိကို ထူထောင်နိုင်ပါ တယ်။ အာနာပါနကမ္မဋ္ဌာန်းကို အတိုချုပ်ပြီး သမာဓိထူထောင်ပုံပြောဖို့ ရည်ရွယ်ထားတယ်၊ ဒီတော့ ဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို ညွှန်ကြားတဲ့အချိန်အခါမှာ

နံပါတ်တစ် ဒီဃ – အရှည်၊နံပါတ်နှစ် ရဿ – အတို၊နံပါတ်သုံး သဗ္ဗကာယ- ပဋိသံဝေဒီ – အစအဆုံး အကုန်လုံး၊နံပါတ်လေး ပဿမ ္ဘယံ – ငြိမ်းအောင် ကျင့်ပါဆိုပြီး အဆင့် လေးဆင့် ချမှတ်ပေးပါတယ်၊

အဲဒီ သမာဓိ ပိုင်း၊ လေးဆင့်စလုံးမှာ ယောဂါဝစရပုဂ္ဂိုလ်က ဘယ်လိုအားထုတ်ရမလဲ၊

သော သတော၀ အဿသတိ သတော၀ ပဿသတိ။ (မ-၁-၇၀။)

အရှည်မှာလည်း သတိမြဲရမယ်၊ အတိုမှာလည်း သတိမြဲ ရမယ်၊ အစအဆုံး အကုန်လုံးမှာလည်း သတိမြဲနေရမယ်၊ ငြိမ်းအောင်ကျင့် တဲ့နေရာမှာလည်း သတိမြဲရမယ်လို့ ဒီလိုဆိုလိုတယ်၊

ဒီတော့ အရှည်မှာလည်း ဝင်သက် ထွက်သက်က နှစ်မျိုး၊ အတိုကျတော့လည်း ဝင်သက် ထွက်သက်က နှစ်မျိုး၊ အစအဆုံးအကုန်လုံး ထင်ထင်ရှားရှား သိရာမှာလည်း ဝင်သက် ထွက်သက်က နှစ်မျိုး၊ ငြိမ်းအောင်ကျင့်တဲ့အပိုင်းမှာလည်း ဝင်သက် ထွက်သက် နှစ်မျိုးပဲ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးရှိသွားသလဲ၊ – ရှစ်မျိုး၊ ဒါက သမထပိုင်းအတွက် ကွက်ပြီး ပြောတာပါ။

ဒီတော့ အရှည်၊ အတို၊ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပထမလေ့ကျင့်ရမှာဖြစ်တော့ ယောဂါဝစရပုဂ္ဂိုလ်က အဲဒီ ဝင်လေ ထွက်လေကို ရှုပွားသုံးသပ်တဲ့အပိုင်းမှာ —

ထိမှုထင်ရှားရာမှာ စိတ်ထားပြီး လေကိုကြည့်ပါ

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေ၀ ဘာဝနာ သမ္ပဇ္ဇတိ (ဝိသုဒ္ဓိ-၁-၂၇၁။) လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ညွှန်ကြားထားတဲ့အတိုင်း —

ဝင်တဲ့လေ ထွက်တဲ့လေ ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီး တော့ စိတ်ကို ထားဖို့ လိုအပ်ပါတယ်။ ကြည့်ရမှာက ဘာကို ကြည့်ရမှာလဲ၊ ဝင်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ အဲဒီလေသည် အထဲဝင်တော့ အထဲလည်း လိုက်မကြည့်နဲ့၊ အပြင် ထွက် တော့ အပြင်လည်း လိုက်မကြည့်နဲ့၊ ထိတဲ့နေရာက စောင့်ပြီး ဒီလေကလေး ကိုကြည့်ပါ၊ အဲဒီ လေကလေးမှာ စိတ်ကိုငြိမ်အောင် ကပ်ကြည့်၊ ကပ်လို့မှ မရဘူးဆိုရင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ ညွှန် ကြားထားပါတယ်။

ရေတွက်ခြင်းဂဏနာနည်း

ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို .. တစ်

ဝင်လေ ထွက်လေ .. နှစ် ဝင်လေ ထွက်လေ .. သုံး ဝင်လေ ထွက်လေ ..လေး ဝင်လေ ထွက်လေ .. ငါး ဝင်လေ ထွက်လေ .. ခြောက် ဝင်လေ ထွက်လေ .. ခုနစ် ဝင်လေ ထွက်လေ .. ရှစ်

အဲဒီ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှမထွက်ရဘူးလို့ ဒီလို လေ့ကျင့်ရတယ်၊ လေ့ကျင့်ဖန် များလာပြီဆိုရင်တော့ တဖြည်းဖြည်း ငြိမ်သွား တတ်ပါတယ်။ တစ်ကနေ တစ်ဆယ်ထိလည်း ရေတွက်နိုင်တယ်။ တစ်ကနေ ငါးထိလည်း ရေတွက်နိုင်တယ်။ ငါးအောက် မလျော့စေနဲ့၊ တစ်ဆယ်ထက် လည်း မပိုစေနဲ့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ ရှစ်အထိကတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေနှင့် ဆိုပြီး ဆရာသမားများက ဒီလို ညွှန်ကြားပေးတဲ့အတွက် ဘုန်းကြီးလည်း ဒီဌာနမှာ ရှစ်အထိပဲ သင်ပေးပါတယ်၊ ဘုရားဂုဏ်တော်ကိုးပါးကို ပူဇော်တဲ့ အနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်၊ ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေတဲ့ တစ်ဆယ်အထိ ရေတွက်လည်း ရပါတယ်၊ ကိုယ်ကြိုက်သလို ယူလို့ရပါတယ်။

အဲဒီတော့ တစ်ကနေ ရှစ်အထိ ရေတွက်ပြီဆိုကြစို့၊ အဲဒီ တစ်ကနေ ရှစ်အထိ စိတ်ကို ဘယ်မှ မထွက်အောင် လေ့ကျင့်ရတယ်၊ လေ့ကျင့်တဲ့အခါ နာရီဝက်လောက် သို့မဟုတ် တစ်နာရီလောက်အထိတော့ ငြိမ်အောင် လေ့ကျင့်ရတယ်၊

အရှည် အတို (အသက်ရှုအနှေး အမြန်)

အောင်မြင်မှုရပြီဆိုရင်တော့ အရှည် အတိုကို ကူးနိုင်တယ်။

အရှည်ဆိုတာက အသက်ရှူနှေးတာ၊ အတိုဆိုတာက အသက်ရှူမြန်တာကို ဆိုလိုတယ်၊ နှေးလည်း နှေးတဲ့အတိုင်းသိ၊ မြန်လည်း မြန်တဲ့အတိုင်းသိ၊ နှေး အောင် မြန်အောင် ရှည်အောင် တိုအောင် သက်သက် မကြိုးစားပါနှင့်၊ အရှည်-အတိုလို့လည်း မမှတ်နှင့်၊ အနှေး-အမြန်လို့လည်း မမှတ်နှင့်၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဘယ်လိုသာမှတ်ရမလဲ၊ .. ဝင်လေ ထွက်လေ.. ဒါလောက်ပဲ မှတ်ပါ။ အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်အောင်ကပ်ထား၊ ရှည်လည်း ရှည်တဲ့အတိုင်းသိ၊ တိုလည်း တိုတဲ့အတိုင်းသိ၊

ဣရိယာပုထ်အနေအထား

အဲဒီလို ရှုရတဲ့အပိုင်းမှာ အာနာပါနရဲ့ စည်းကမ်းတစ်ခုကတော့ ေ့ရှ နောက် ဝဲ ယာ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မလှုပ်အောင် ထိန်းရမယ်ဆိုတဲ့အချက်ပဲ၊ ဣရိယာပုထ် မပြင်ကောင်းဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မခံနိုင်ရင်တော့ ပြင်ပါ၊

ဆင်းရဲ နေတဲ့ ဝေဒနာကို အောင့်အီးသည်းခံရမယ်လို့တော့ မဆိုလိုဘူး၊ ငြိမ်သက်မှု သမာဓိကို မရဘူးဆိုရင်တော့ ဣရိယာပုထ် ပြင်နိုင်တယ်။ ဒါပေမဲ့လို့ မိမိက နာရီဝက်အဓိဋ္ဌာန်ပြီးတော့ ငြိမ်အောင်ရှုရမယ်လို့ အဓိဋ္ဌာန်ပြီးထိုင်ခဲ့ရင် နာရီဝက်တော့ မလှုပ်ရှားဘဲ ထိုင်နိုင်ရင် ပိုကောင်းတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင်လည်း တစ်နာရီထိုင်နိုင်ရင်တော့ ပိုကောင်းတယ်၊ အဲဒီတော့ ဒီအရှည် အတိုပေါ်မှာ စိတ်ကလေးငြိမ်အောင် ကပ်ထားလိုက်တဲ့အချိန် အခါမှာ ဒီအပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း ဝင်လေ ထွက်လေ၊ အရှည် အတို အာရုံမှာ ဘာဝနာစိတ်က တစ်နာရီလောက် အနည်းဆုံး ကပ်အောင်တော့ လေ့ကျင့်ရပါတယ်၊ ထိုင်တိုင်း ထိုင်တိုင်း ကပ်ပြီဆိုရင်တော့ လေး၊ ငါး၊ ခြောက် ထိုင်အတွင်းမှာ၊ အချို့ ပါရမီရင့်ညောင်းရင်လည်း တစ်ထိုင် နှစ်ထိုင် အတွင်းလောက်မှာ နိမိတ် စပေါ်တတ်ပါတယ်။ ဆယ်ကြိမ်၊ တစ်ဆယ့်ငါးကြိမ်လောက်၊ နှစ်ရက်၊ သုံးရက်လောက် ဒီ အရှည်အတိုမှာ ရှုနေလို့မှ နိမိတ်က မပေါ်ရင်တော့ အစအဆုံးကျင့်စဉ်ကို ကူးကြည့်ပါ။

အစ အဆုံး အကုန်းလုံးတောက်လျှောက်သိပါ

ဝင်လေ-ထွက်လေက ရှည်ရင်လည်း ထိုလေရဲ့ အစ အဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့၊ ဝင်လေ-ထွက်လေက တိုရင်လည်း ထို လေရဲ့ အစအဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့ ကြိုးစားပါ။ အထဲ လည်း လိုက်မကြည့်ရဘူး၊ အပြင်လည်း လိုက်မကြည့်ရဘူး၊ ထိတဲ့နေရာက လေးမှာ စပြီး ထိတဲ့နေရာမှာ ဆုံးသွားတဲ့အထိ ထိတဲ့နေရာကလေးက စောင့် နေပြီး အစ အဆုံး တောက်လျှောက်သိအောင် ရှုရပါတယ်။ အဲဒီလို အစ အဆုံးကို တောက်လျှောက်သိအောင်ရှုတော့ – သဗ္ဗကာယ ပဋိသံဝေဒီ – လို့ ခေါ်ပါတယ်၊ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတာပဲ။.

အဲဒီအပိုင်းမှာလည်း ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံး – ဒီလို မမှတ်နဲ့၊ မှတ်ရင်တော့ ဉာဏ်က မလိုက်နိုင်တော့ မောလာတတ်တယ်၊ မမှတ်ဘဲ မနေနိုင်ရင် ဘယ်လိုသာမှတ်မလဲ၊ ဝင်လေ ထွက်လေ ဒီလောက်ပဲမှတ်ပါ၊ ဝင်သက်လေ ထွက်သက်လေလို့ မှတ်ချင်လည်း မှတ်ရတယ်၊ အဲဒီတော့ ဒီ လေအာရုံပေါ်မှာ စိတ်က ကပ်နေဖို့လိုတယ်၊ မမှတ်ဘဲ မနေတတ်သူကိုသာ မှတ်ခိုင်းတာပါ၊ မမှတ်ဘဲ နေနိုင်ခဲ့ရင်တော့ မမှတ်နဲ့၊ လေပေါ်မှာ စိတ်က တောက်လျှောက် သိနေဖို့ လိုရင်းပဲ။

အလင်းရောင်နဲ့ နိမိတ် အဲဒီလေကလေးမှာ တောက်လျှောက် သိနေတော့ လေကလေးမှာ ဘာဝနာစိတ်က ငြိမ်သက်စွာ ကပ်ပြီးတည်လာပြီ ဆိုရင်တော့ အရှည်အတိုအပိုင်းမှာပဲဖြစ်ဖြစ်၊ အခု အစအဆုံးအပိုင်းမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် အလင်းရောင်တွေ စပြီးပေါ်တတ်ပါတယ်၊ အဲဒီ အလင်းရောင်တွေကိုတော့ သွားပြီးမကြည့်ရဘူး။ အလင်းရောင်နှင့် နိမိတ်သည် တခြားစီဖြစ်တယ်၊ နိမိတ်ဆိုတာကတော့ အဲဒီ အာနာပါန လေကြောင်းလေးပဲ၊ များသောအားဖြင့် လေကြောင်းလို့ ပြောတာကတော့ အချောင်းစပေါ်တတ်လို့သာ ပြောတာပါ၊

ဘာဝနာသညာနှင့် နိမိတ်ပေါ်စအခြေအနေများ

ယောဂီပုဂ္ဂိုလ်တို့ရဲ့ နိမိတ်မပေါ်မီမှာ ဖြစ်ပေါ်နေတဲ့ အမှတ်သညာကို ဘာဝနာသညာလို့ ခေါ်တယ်။ ထိုဘာဝနာသညာကွဲပြားမှုကို အခြေခံပြီးတော့ နိမိတ်တွေက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်၊ ဒါကြောင့် ဒီအပိုင်းမှာ ယောဂီတို့ကို စိတ် မကစားဖို့ကိုတော့ သတိပေးထားရပါတယ်၊ လေပေါ်မှာ စိတ်ငြိမ်အောင်ကပ် ပါလို့သာ ဒီလောက်ပဲ သတိပေးရတယ်။ အဲဒီလို သတိပေးလိုက်တဲ့ အချိန် အခါမှာ လင်းရောင်ခြည်တွေက သိပ်အားကောင်းလာတော့ မျက်လုံးက ဒီလင်းရောင်ခြည်ရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် မျက်ရည်တွေ ကျတတ်ပါတယ်၊ အောင့်အီးသည်းခံပြီးတော့ မျက်လုံးဘက်ကို အာရုံ မရောက်စေဘဲ လေပေါ်မှာသာ စိတ်ကလေးက ငြိမ်အောင်ကပ်နေပါ။ အဲဒီလို လေပေါ်မှာ စိတ်ကလေးက ငြိမ်အောင် ကပ်ထားလိုက်ပြီဆိုလို့ရှိရင် တဖြည်းဖြည်း ဒီလင်း ရောင်ခြည်စွမ်းအင် အကူအညီနှင့် ဒီလေကြောင်းကလေးကို စတွေ့တတ်ပါတယ်၊ အများအားဖြင့်တော့ မီးခိုးရောင်ကို စတွေ့တတ်ပါတယ်။ အဲဒီကနေ သမာဓိက ငြိမ်သထက် ငြိမ်လာပြီဆိုလို့ရှိရင် ဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူကို တွေ့တတ်ပါတယ်။ အဲဒီဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူ ကလည်း အချို့လည်း အချောင်း၊ အချို့ကလည်း အဝိုင်း – စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။..

နိမိတ်ပေါ်မှာ စိတ်ကပ်ရမယ့်အချိန်

အဲဒီလို ဖြူနေတဲ့အဖြူချောင်းကို တွေ့ပြီ ဆိုရင် တစ်ခါတစ်ရံ ယောဂီက အဲဒီ အဖြူချောင်းပေါ်မှာ တစ်ခါတစ်လေ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ တည်နေအောင် ကြိုးစားရင် ကြိုးစားလို့ ရပါတယ်၊ ဒါပေမဲ့ စပေါ်စမှာ သူက မခိုင်ဘူး၊ အများစုမှာ မခိုင်တဲ့အတွက် ပေါ်လိုက် ပျောက်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ဒီနိမိတ်ချောင်းပေါ်မှာ ဘာဝနာစိတ်ကို မကပ်ဘဲ မူလရှုမြဲ ဖြစ်တဲ့ ဝင်သက်လေ ထွက်သက်လေ အာရုံပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားရတယ်၊

အဲဒီလို ကြိုးစားရင်းကနေပြီး တော့ ဒီနိမိတ်ပေါ်လာလို့ နိမိတ်ပေါ်မှာ ဘာဝနာစိတ်က ကပ်နေပြီဆိုရင် လည်း မခွာချနဲ့၊ ကပ်မြဲသာ ကပ်ထားလိုက်တော့၊ အဲဒီ ဘာဝနာစိတ်က ဒီ နိမိတ်အာရုံပေါ်မှာ ကပ်နေတဲ့ အချိန်အခါမှာ ပကတိ ဝင်လေ ထွက်လေကို ပြန်မကြည့်နဲ့၊ ပကတိ ဝင်လေ ထွက်လေကို ကြည့်လိုက်၊ နိမိတ်ကို ကြည့်လိုက် ခေါက်တုံ့ခေါက်ပြန် ပြုလုပ်နေခဲ့ရင် ဒီသမာဓိသည် ငြိမ်ဝပ်မှုမရှိတဲ့အတွက် စိတ်သည် အာရုံတစ်ခုအပေါ်မှာ ကျရောက်နေတာ မဟုတ်တဲ့အတွက်ကြောင့် သမာဓိ ပျက်သွားတတ်တယ်။ အကယ်၍ ဒီနိမိတ်ချောင်းက မခိုင်သေးဘူးဆိုရင်တော့ ပကတိ ဝင်လေ ထွက်လေကိုသာ ရှုနေပါ၊ ရှုနေရာကနေ နိမိတ်က ခိုင်ပြီး နာရီဝက်လောက် တစ်နာရီလောက် မပျောက်တော့ဘူးဆိုရင်တော့ အဲဒီနိမိတ်မှာ ပြောင်းကပ်ပါ၊

ထိုနိမိတ်သည် ဝေးနေခဲ့ရင်တော့ အကပ်မခံဘူး၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ ပေါ်မှ များသောအားဖြင့် အကပ်ခံတယ်။ ပေါ်တဲ့ အချိန်အခါမှာလည်း နိမိတ်ချောင်းက သိပ်ရှည်နေရင်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်လိုက်မကပ်နဲ့၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ တည်ရှိနေတဲ့ နိမိတ်ပေါ်မှာသာ စိတ်ကလေးကို ကပ်သာထားလိုက်။

ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်

အဲဒီလို ကပ်ထားလိုက်လို့ ဘာဝနာစိတ်က ဒီအာနာပါနနိမိတ်အာရုံမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်လာပြီဆိုရင်တော့ တဖြည်းဖြည်း ဒီနိမိတ်သည် ဖြူရာကနေ ကြည်ပြီး တောက်လာတတ်ပါတယ်။ ဖြူနေတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်၊ ကြည်ပြီး အရောင်ထွက်လာတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်၊ အဲဒီ ပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ထိုင်တိုင်း ထိုင်တိုင်း ရအောင် လေ့ကျင့်ရတယ်၊ ထိုအချိန်အခါမှာ သွားရင်လည်းရှု၊ ရပ်လည်းရှု၊ ထိုင်လည်းရှု၊ အိပ်လည်းရှု လေ့ကျင့်ပေးရပါတယ်။

ဈာန် နှင့် အဘိညာဏ်

အဲဒီလို လေ့ကျင့်လိုက်တဲ့အချိန်အခါမှာ သမာဓိက ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီး တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ၊ တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ် ရပြီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်မှု ရှိနေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဈာန်အင်္ဂါကို ဆင်ခြင်လို့ရပြီ။ အားထုတ်စပုဂ္ဂိုလ်သည် ဈာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေ၊ ဝင်စားမှု များပါစေလို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက (ဝိသုဒ္ဓိ-၁-၁၄၈။ မဟာဋီ-၁-၁၇၈။) သတ်မှတ်ပေးထားတယ်။ အားထုတ်စပုဂ္ဂိုလ် အခုလို နိမိတ်ရစပုဂ္ဂိုလ်က နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် တည်နေအောင် လေ့ကျင့်ပေးရတယ်၊ အဲဒီလို လေ့ကျင့်တဲ့လုပ်ငန်းကို (စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် ဈာန်ဟုခေါ်သတတ်) ဒီလို လယ်တီဆရာတော် ဘုရားက မိန့်ဆိုထားတယ်၊

အာရမ္မဏူပနိဇ္ဈာနဈာန်လို့ ခေါ်ပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူးနှင့် မြဲမြဲမြံမြံ တည်တံ့နေအောင် စိတ်ကလေးကို တည်ပြီးကပ်နေ အောင် ရှုနေတဲ့လုပ်ငန်းဖြစ်လို့ ဒါကို ဈာန်လို့ ခေါ်တယ်။ မြေလျှိုး မိုးပျံနေတာကို ဈာန်လို့ခေါ်တာ မဟုတ်ဘူး၊ မြေလျှိုး မိုးပျံတဲ့ လုပ်ငန်းကတော့ အဘိညာဏ်နှင့် ဆိုင်တယ်၊ အဲဒါက အဘိညာဏ်ပိုင်း။ အခုပြောနေတာက ဈာန်ပိုင်းပဲ၊ အဲဒီတော့ ဈာန်ဝင်စားမှုများရမယ်၊ ဈာန် အင်္ဂါကို ဆင်ခြင်တာ နည်းရမယ်။

ပထမဈာန်သမာဓိ

ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ အနည်းဆုံး လေး ငါး ဆယ်ထိုင်လောက် ဘာဝနာစိတ်က အဓိဋ္ဌာန်တဲ့ အတိုင်း တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ငြိမ် ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ ဈာန်အင်္ဂါကို ဆင်ခြင်နိုင်တယ်။ သို့သော် မှတ်ကျောက်တစ်ခုကတော့ အဲဒီ အာနာပါနပဋိဘာဂ နိမိတ်မှာ တစ်နာရီ အဓိဋ္ဌာန်ပြီး တစ်နာရီထိုင်လိုက်လို့ တစ်နာရီလုံး စိတ်က ကပ်နေတယ်ဆိုရင် အဲဒီအချိန်မှာ မိမိက ဘေးအသံတွေကို ကြား-မကြား နည်းနည်း အကဲခတ်ကြည့်ပါ။ ကြားနေသေးတယ်ဆိုရင်တော့ ဒီဈာန်သည် ဆက်တိုက် မရသေးဘူး၊ ကြိုးကြား ကြိုးကြား ဈာန်က လျှောလျှောနေတဲ့သဘော ရှိတယ်၊ ဆက်တိုက် ရပြီ၊ ဘာသံမှလည်း မကြားတော့ဘူး၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးနှင့် မိမိရဲ့ဘာဝနာစိတ် ဒီနှစ်ခုပဲရှိတော့တယ်လို့လည်း သိနေပြီ၊ ဘာဝနာစိတ်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ မှာပဲ ငြိမ်ဝပ်စွာကပ်ပြီး တည်နေပြီ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာပဲ ဘာဝနာစိတ်က နစ်မြုပ်နေပြီဆိုရင် တော့ ထိုအချိန်အခါမှာ ဈာန်အင်္ဂါကို ဆင်ခြင်လို့ ရနိုင်ပါပြီ။

( ဖားအောက်ဆရာတော်ကြီးဟောကြားသောတရားတော်မှ ဦးတေဇိန္ဒက ကောက်နုတ်တင်ပြခြင်းဖြစ်သည်……….)

Aye Aung